လီဗာပူးက ပရီးမီးယားလိဂ်ဖလားရဖို့ လိုအပ်နေတဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့ပါတယ်လို့ ပြောလိုက်တဲ့ ဂတ်ပို
လီဗာပူးဟာ စနေနေ့က ပရီးမီးယားလိဂ်ပွဲ ဘရန့်ဖို့ဒ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲပြီးခါနီးတွင် ဂတ်ပိုက အသင်းအတွက် စတုတ္ထမြောက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေသေးတဲ့ လီဗာပူးအသင်းရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
"ကျွန်တော်တို့ လက်ရှိမှာရှိနေတဲ့ စိတ်ခံစားချက်ကို ထိန်းထားရမယ်လို့ ထင်ပါတယ်" "သိသာထင်ရှားတာကတော့ ဒီတစ်ပတ်မှာ အရေးကြီးတဲ့ နောက်ထပ်ပွဲတစ်ပွဲရှိပါတယ်။ ပြီးတော့ စနေ၊ တနင်္ဂနွေမှာလည်း နောက်ထပ် အရေးကြီးတဲ့ ပွဲတစ်ပွဲလည်း ရှိပါတယ်။ အရေးကြီးတဲ့ ပွဲတွေပဲရှိလာမယ်လို့ ထင်ပါတယ်။ ကစားသမားတိုင်းကို လိုအပ်ပြီး အာရုံစိုက်ကာ ကြံ့ခိုင်မှုရှိနေဖို့ လိုပါတယ်"လို့ ဂတ်ပိုက ပြောပါတယ်။
ကာတစ်ဂျုံးစ်နှင့် ဂျိုတာတို့ရဲ့ ဒဏ်ရာတွေက ရာသီဝက်မှာ လီဗာပူးအတွက် မရေရာမှုအချို့ကို ဖန်တီးခဲ့သလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်ကို ပွဲအတွင်းမှာ အပြည့်အဝ ပြသနိုင်ခဲ့ပါတယ်။
"အဲဒီနေ့ကတော့ အရာအားလုံးရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အသင်းအတွက် အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ လိုအပ်နေတဲ့ စိတ်ဓာတ်ကောင်းကို ပြသနိုင်ခဲ့ပေမယ့် ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့အတွက် အရမ်းကြီးတော့ မကောင်းပါဘူး" "ပွဲကြီးပွဲကောင်းတွေ အများကြီးရှိလာမှာဖြစ်ပြီး ကစားသမားတိုင်းက တတ်နိုင်သမျှ ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။ သို့သော်လည်း ကစားသမားတွေ ဘာတွေဖြစ်နေလဲဆိုတာတော့ မသိသေးပါဘူး" လို့ သူက ပြောပါတယ်။