လီဗာပူးအသင်းနဲ့ တွေ့ဆုံနေတာကို ဒုတိယအခွင့်အရေးအဖြစ် မှတ်ယူနေတဲ့ အတ္တလန္တာ
အတ္တလန္တာစီအီးအို ပါကာဆီက လီဗာပူးအသင်းဟာ ဒီရာသီယူရိုပါလိဂ်မှာ အကောင်းဆုံး အသင်းဖြစ်ပြီး မိမိတို့ပရိသတ်တွေ အတွက် လီဗာပူးအသင်းနဲ့ တွေ့ဆုံခွင့်တာဟာ ဒုတိယအခွင့်အရေးလို့ ဆိုပါတယ်။
အတ္တလန္တာ နဲ့ လီဗာပူးအသင်းတို့ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာတွေ့ဆုံနေပြီး ပထမအကျော့ကို ဧပြီလ ၁၁ ရက်နေ့ အန်ဖီးလ်မှာ ကစားမှာဖြစ်ပါတယ်။ အဲ့နောက် ဧပြီလ ၁၈ ရက်နေ့မှာ ဒုတိယအကျော့ကို ဘာဂါမိုမှာကန်မှာဖြစ်ပါတယ်။
“ကျွန်တော်တို့ ကံမကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး အသင်းနဲ့တွေ့ဆုံနေတဲ့အတွက် ကျေနပ်မိပါတယ်။ ဘာဂါမို နဲ့ အသင်းဘက်က လီဗာပူးကို ဧည့်ခံခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ သူတို့က ကမ္ဘာပေါ်မှာအကောင်းဆုံး အသင်းတွေထဲကတစ်သင်းပါ။ သူတို့အပေါ်လေးစားမှု အများကြီးရှိပြီး အိမ်ကွင်းမှာ ဧည့်ခံခွင့်ရလို့ ဂုဏ်ယူမိပါတယ်”လို့ အတ္တလန္တာစီအီးအိုက ပြောကြားခဲ့ပါတယ်။
အတ္တလန္တာနဲ့ လီဗာပူးအသင်းတို့ဟာ ၂၀၂၀ - ၂၁ ရာသီတုန်းက ချန်ပီယံလိဂ်အုပ်စုမှာတွေ့ဆုံခဲ့ကြသေးတာဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလဖြစ်တာကြောင့် အဆိုပါပွဲတွေကို ပရိသတ်မပါပဲ တံခါးပိတ်ကန်ခဲ့ရပါတယ်။
ဘာဂါမိုမှာ လီဗာပူးအသင်းက ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အဝေးကွင်းမှာ အတ္တလန္တာက ၂-၀ နဲ့အနိုင်ရခဲ့ပါတယ်။ “ချန်ပီယံလိဂ်မှာ ပရိသတ်တွေမမြင်လိုက်ရလို့ စိတ်ပျက်မိပါတယ်။ ဒါကြောင့် အခုတစ်ကြိမ်က ဒုတိယအခွင့်အရေးပါ။ ပရိသတ်တွေကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ပါ။ အဲ့တာက ကျွန်တော်တို့ ထူးခြားတာတစ်ခုခုလုပ်နေတယ်လို့ ဆိုလိုတာပါ။ အသင်းဘက်က တာဝန်ယူမှု နဲ့ ဂုဏ်သိက္ခာကို ပြသနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းက စိတ်လှုပ်ရှားဖို့ကောင်းအောင်ကစားနေတာပါ။ သူတို့ ကလော့ပ်လက်အောက်မှာ အပြောင်မြောက်ဆုံးလုပ်ဆောင်နေတာပါ။ သူတို့အရာအားလုံးအနိုင်ရထားပါတယ်။ ဒီရာသီမှာ သူတို့ပိုအောင်မြင်ချင်ကြမှာပါ။ ဒီလိုအသင်းတွေနဲ့ရင်ဆိုင်ရချိန်မှာ ခင်ဗျားအနေနဲ့ ဘယ်လောက်သင်ယူရမလဲဆိုတာ နားလည်ဖို့ လိုအပ်ပါတယ်။ ဒီလိုအသင်းတွေနဲ့ကစားရချိန်မှာ အခွင့်အရေးအဖြစ် မှတ်ယူရပါမယ်။ သူတို့မှာ အရည်အချင်းပြည့်ဝတဲ့ကစားသမားတွေအများကြီးပါ။ ဒါပေမယ့် အဲ့တာက နည်းပြနဲ့လည်းဆိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အပြောင်မြောက်ဆုံးလုပ်ဆောင်နေတာပါ။ အဲ့တာက ကြီးမားတဲ့အတွေ့အကြုံဖြစ်လာနိုင်ပါတယ်။ ဘာဂါမိုက ဒိလိုပွဲတွေအတွက် တည်ဆောက်ထားတာပါ။ ကျွန်တော်တို့ လီဗာပူးအပေါ်မှာ လေးစားမှုအပြည့်အဝရှိပါတယ်။ အတ္တလန္တာပရိသတ်တွေက အခုလိုပွဲမျိုးကို တောင့်တနေတာပါ။ ကျွန်တော်တို့အတွက်တော့ လီဗာပူးနဲ့ပွဲက ခက်ခဲနိုင်တယ်ဆိုတာ သိထားပါတယ်”လို့ ပါကာဆီက ပြောကြားခဲ့ပါတယ်။
အတ္တလန္တာဟာ ယူရိုပါလိဂ်အုပ်စုအဆင့်ကို ပထမနေရာနဲ့တက်ရောက်လာခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ စပို့တင်းကို ၃-၂ နဲ့ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။