
ကစားသမားအနေနဲ့ရော၊ နည်းပြအနေနဲ့ပါ ရီးရဲလ်မက်ဒရစ်သို့ရောက်ရှိဖို့ နီးစပ်ခဲ့ဖူးကြောင်း ပိုချက်တီနို ဖွင့်ဟ
တော့တင်ဟမ်၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးနည်းပြဟောင်း မော်ရီစီယိုပိုချက်တီနိုက သူဟာ ဘောလုံးကစားသမားဘဝနဲ့ရော၊ နည်းပြဘဝနဲ့ပါ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ဖို့ အခွင့်အရေးတွေရရှိခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အာဂျင်တီးနားသားဟာ အမေရိကန်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရယူဖို့ မျှော်လင့်ထားပါတယ်။ အင်္ဂလိပ်ပရီးမီးယားလိဂ်နဲ့ ပြင်သစ်ဘောလုံးလောကမှာ ထိပ်တန်းအသင်းတွေကိုကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနိုဟာ ယခုအခါမှာတော့ လက်ရွေးစင်အသင်းတွေကိုကိုင်တွယ်ဖို့ပဲ စိတ်ဝင်စားတယ်လို့ဆိုပါတယ်။
ပိုချက်တီနိုက "ကျွန်တော် ကစားသမားဘဝက ရီးရဲလ်မက်ဒရစ်ကိုရောက်ရှိဖို့အခွင့်အရေးရခဲ့ပေမယ့် မပြောင်းရွှေ့ဖြစ်ခဲ့ပါဘူး။ နည်းပြဘဝမှာဆိုရင် အခွင့်အရေးတွေပိုရခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ ဒီလိုအဖြစ်အပျက်တွေက အမြဲတမ်းဖြစ်နေကျပါ" လို့ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်မှ ဇီဒန်းထွက်ခွာသွားခဲ့တဲ့နောက်ပိုင်း ပိုချက်တီနိုဟာ နည်းပြသစ်အဖြစ် ဝင်ရောက်ဖို့ အခွင့်အရေးရခဲ့တာဖြစ်ပေမယ့် တော့တင်ဟမ်ကို စွန့်ခွာလိုခြင်းမရှိတာကြောင့် အင်္ဂလန်မှာပဲ ဆက်လက်ကျန်ရှိခဲ့ပါတယ်။
ပိုချက်တီနိုက "ကျွန်တော့်ကို ရီးရဲလ်ဥက္ကဌက ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ကျွန်တော်က ဂရုမစိုက်ခဲ့ပါဘူး။ တော့တင်ဟမ်မှာလည်း ကျွန်တော့်ရဲ့စာချုပ်က ကျန်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ အရမ်းနောက်မကျသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အနာဂတ်မှာတော့ ပိုချက်တီနိုအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ဖို့ အခွင့်အရေးရလာပါက အမိအရဆုပ်ကိုင်ပြီး စပိန်ထိပ်သီးကလပ်နဲ့အတူ လက်တွဲဖို့ဆန္ဒရှိနေပုံရပါတယ်။