ဘာလိုဂန်ကိစ္စအဖြေပေးဖို့ တောင်းဆိုနေသလို အင်ဖန်တီနိုအပေါ် ထောက်ခံမှုကိုပါ ရုပ်သိမ်းလိုက်တဲ့ ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်
ဘာလိုဂန်ကိစ္စနဲ့ပတ်သက်လို့ အဖြေရှာဖို့ ကြိုးပမ်းနေတဲ့ ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က လာမယ့်ရွေးကောက်ပွဲမှာ အင်ဖန်တီနိုကို ထောက်ခံသွားဖို့ မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ မဖြစ်မနေပွဲပယ်ပြစ်ဒဏ်ကျခံရမယ့် ဘာလိုဂန်ကို ပွဲပယ်ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က သူတို့ရဲ့မေးခွန်းတွေကို အမြန်ဆုံးဖြေကြားပေးဖို့ ဖီဖာဆီ အခုသီတင်းပတ်အတွင်း တောင်းဆိုခဲ့ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ထိခဲ့တဲ့ ဘာလိုဂန်ကို မဖြစ်မနေ ပွဲပယ်ပြစ်ဒဏ်ပေးရဖို့ရှိပေမဲ့ ဖီဖာကတော့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဖုန်းခေါ်ဆိုမှုအပြီး ကစားသမားရဲ့ပြစ်ဒဏ်ကို တစ်နှစ်တာဆိုင်းငံ့ပေးလိုက်ပါတယ်။ ဒါကြောင့် ပူးတွဲအိမ်ရှင်အမေရိကန်အတွက် ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရတဲ့ ရှုံးထွက်ပွဲစဉ်မှာ ဘာလိုဂန် ပါဝင်ကစားနိုင်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌပက်စကေးဗန်ဒမ်မေက ဒီဖြစ်ရပ်အပြင် Fifa Forward Enterprise ကိစ္စရပ်တွေမှာ ဖီဖာဆီ မေးခွန်းထုတ်ထားမှုတွေကို လျစ်လျူရှုခံထားရတယ်ဆို့ ဖွင့်ဟခဲ့ပြီး ပွင့်လင်းမြင်သာမှု လုံး၀မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
အင်ဖန်တီနိုအပေါ် ထောက်ခံမှုကို ရုပ်သိမ်းလိုက်တဲ့ ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ကလည်း အခုလိုဆုံးဖြတ်ချက်ချမှတ်ခဲ့မှုတွေနဲ့စပ်လျဉ်းလို့ ရှင်းလင်းတဲ့အကြောင်းပြချက်ပေးဖို့နဲ့ နောက်နောင်မှာ အလားတူအခြေအနေမျိုးကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ အသေးစိတ်အချက်အလက်တွေ တရားဝင်ထုတ်ပြန်ပေးဖို့ ဖီဖာဆီ တောင်းဆိုခဲ့ပါတယ်။
ပက်စကေးဗန်ဒမ်မေက"ကျွန်မတို့ရဲ့ဘောလုံးအဖွဲ့ချုပ်ကိုယ်စားလှယ်အဖွဲ့က ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းနဲ့ ပြိုင်ပွဲအပြီးမှာ ဘာလိုဂန်ကိစ္စနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့ ဖီဖာနဲ့ အေးဆေးတည်ငြိမ်စွာ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ဖြစ်ပွားပြီး နှစ်လကြာချိန်အထိ ကျွန်မတို့ရဲ့မေးခွန်းတွေကို ဖီဖာဘက်က ပြန်လည်ဖြေကြားခြင်းမရှိသေးတာကို တွေ့ရပါတယ်" လို့ ပြောပါတယ်။
"ပတ်သက်ဆက်နွှယ်နေသူအားလုံးအတွက် ပွင့်လင်းမြင်သာမှုရှိဖို့ အလွန်အရေးကြီးလို့ လိုအပ်တဲ့ရှင်းလင်းချက်တွေ တောင်းဆိုရတာဖြစ်သလို တချိန်တည်းမှာပဲ လက်ရှိလုပ်ငန်းစဉ်တွေကို ဘယ်လိုကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်သွားမလဲဆိုတာ အဖြေရှာဖွေသွားချင်ပါတယ်" လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။
အင်ဖန်တီနိုကတော့ ၂၀၃၁ ခုနှစ်အထိ ရာထူးနေရာမှာရှိနေမယ့် သူ့ရဲ့နောက်ဆုံးသက်တမ်းအတွက် ရွေးကောက်ပွဲဝင်ဖို့ ကြိုးပမ်းနေပေမဲ့ တဖက်မှာလည်း နိုင်ငံအသီးသီးရှိ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ထောက်ခံမှုကိုလည်း ဆုံးရှုံးနေရပြန်ပါတယ်။