
ဗန်ဒိုက်ဆီ အားကောင်းမောင်းသန်သတင်းစကားတစ်ခု ပေးပို့ခဲ့တဲ့ မိုဆာလက်
လီဗာပူးနဲ့အတူ စာချုပ်သက်တမ်းတိုးမြှင့်ပြီးနောက် မိုဆာလက်က အသင်းဖော်ဗန်ဒိုက်ဆီ အားကောင်းမောင်းသန်သတင်းစကားတစ်ခု ပေးပို့ခဲ့ပါတယ်။ အခုသီတင်းပတ်အစောပိုင်းမှာပဲ မိုဆာလက်က အန်ဖီးလ်ရပ်ဝန်းအတွင်း မရေရာမှုတွေနဲ့ပြည့်နှက်နေတဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထင်ကြေးအားလုံးကို အဆုံးသတ်သွားစေရန်အတွက် အသင်းနဲ့အတူ ၂၀၂၇ ခုနှစ်အထိ ဆက်ရှိနေမယ့် နှစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကြိုးကြာနီတွေဆီ သူ့ရဲ့အနာဂတ်ကို အပ်နှံလိုက်ပြီးနောက် အီဂျစ်ကြယ်ပွင့်က ယမန်နေ့ညပိုင်း၊ ဝက်စ်ဟမ်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ အသင်းအတွက် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။
လီဗာပူးအသင်းဘက်ကလည်း အီဂျစ်စတားနဲ့စာချုပ်သစ်ကိစ္စ ပြေလည်သွားပြီးနောက် ကပ္ပတိန်ဗန်ဒိုက်ကို စည်းရုံးထားနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။ ဒတ်ချ်လူမျိုးနောက်ခံလူရဲ့ စာချုပ်သက်တမ်းက ပြည့်မြောက်ဖို့ နီးကပ်လာနေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စမှာ သဘောတူညီမှုရရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲစဉ်အပြီး မိုဆာလက်က အင်္ဂလိပ်ကလပ်အသင်းမှာ အသင်းဖော်နဲ့အတူ ဆက်ကစားလိုတဲ့ဆန္ဒကို ထုတ်ဖော်ပြသရင်း ဗန်ဒိုက်ဆီ အားကောင်းမောင်းသန်သတင်းစကားတစ်ခု ပေးပို့ခဲ့ပါတယ်။
Sky Sport နဲ့တွေ့ဆုံချိန် အသက်-၃၂ နှစ်အရွယ်တိုက်စစ်မှူးက “ ဒီကလပ်အသင်းကို ကျွန်တော် ဘယ်လောက်အထိ ချစ်မြတ်နိုးတယ်ဆိုတာ လူတိုင်းလည်း သိကြပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ ဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ ရာသီမကုန်ခင် စာချုပ်သက်တမ်းတိုးမြှင့်နိုင်လို့ ဝမ်းမြောက်မိပါတယ်။ နောက်ပြီး ဗန်ဒိုက်လည်း စာချုပ်သက်တမ်းတိုးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သူ ဆန္ဒရှိတဲ့အရာကို လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ လာမယ့်ဘောလုံးရာသီမှာလည်း သူနဲ့ တွဲဖက်ကစားသွားဖို့ ဆန္ဒရှိပါတယ်”လို့ ပြောပါတယ်။
ဘရန့်ဖို့ဒ်နဲ့တွေ့ဆုံမှုအပြီး အာဆင်နယ်ရဲ့အမှတ်လျှော့ကျမှုနဲ့အတူ အခုအချိန်မှာတော့ ကြိုးကြာနီတွေက အသင်းသမိုင်းတလျှောက် အကြိမ်-၂၀ မြောက်အင်္ဂလန်အဆင့်မြင့်တန်းအမှတ်ပေးချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့ နိုင်ပွဲနှစ်ခုသာ လိုအပ်ပါတော့တယ်။ သူတို့တွေက လာမယ့်ဧပြီ ၂၀ ရက်မှာ လက်စတာစီးတီးနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။