ဆွစ်ဇာလန်နှင့် ကစားခဲ့တဲ့ ယူရို အဖွင့်ပွဲစဉ်က လှောင်ပြောင်မှုတွေဟာ သူ့ကိုအရှက်ရစေတယ်လို့ ဝန်ခံလိုက်တဲ့ ဟန်ဂေရီတိုက်စစ်မှူး မာတင်အဒမ်စ်
ဟန်ဂေရီကြယ်ပွင့် မာတင်အဒမ်စ်ဟာ ယူရို ၂၀၂၄ တွင် ပထမဆုံးပွဲထွက်ပြီးနောက် ဆိုရှယ်မီဒီယာပေါ်ရှိ ပြောကြားမှုတွေက သူ့ကို အရှက်ရစေကာ ထိခိုက်စေခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
အူလ်ဆန် HD တိုက်စစ်မှူးဟာ စနေနေ့က ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်အဖြစ် ဟန်ဂေရီက ဆွစ်ဇာလန်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ဝင်လာချိန်တွင် တစ်ကမ္ဘာလုံးရှိ ပရိသတ်များရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ ကိုယ်အလေးချိန် ၈၆ ကီလိုဂရမ်ရှိနေပြီး များပြားတဲ့မုတ်ဆိတ်မွေးတွေနဲ့အတူ အရပ် ၆ ပေ ၃ လက်မရှိတဲ့ ကစားသမားကို ပရိသတ်တွေက အံ့အားသင့်ခဲ့ကြပါတယ်။ အဲ့ဒီအကြောင်းအရာတွေက ဆိုရှယ်မီဒီယာပေါ်မှာ အသက် ၂၉ နှစ်အရွယ် ကစားသမားနဲ့ပတ်သက်ပြီး ဟာသများ ဖြစ်စေခဲ့ပါတယ်။
ယခုအချိန်တွင် အချို့တဲ့ လှောင်ပြောင်မှုတွေက သူ့ကို ထိခိုက်စေတယ်လို့ တိုက်စစ်မှူးက ဝန်ခံထားပြီး ဆိုရှယ်မီဒီယာတွင် တင်ထားတဲ့ ပို့စ်များနှင့် ပတ်သက်ပြီး ပြောကြားထားပါတယ်။ သူ့ရဲ့ မွေးဖွားလာပုံက မျိုးရိုးဗီဇနဲ့ပတ်သက်လာရင် အကူအညီမဲ့ ဖြစ်နေတယ်လို့ တိုက်စစ်မှူးက ဆက်ပြောပါတယ်။
မီဒီယာများသို့ ဟန်ဂေရီနိုင်ငံသားက "ပို့စ်တွေ တင်တာတော့ ဟုတ်ပါတယ်။ တစ်ခါ နှစ်ခါ လောက်တော့ ရယ်ရတာပေါ့။ ဒီလိုပုံစံနဲ့ မွေးဖွားလာတာကြောင့် ဒီလိုခန္ဓာကိုယ် ပုံသဏ္ဍာန်ရှိနေတာပါ။ ကျွန်တော့်ကို မွေးဖွားတုန်းက ဒီလောက်ကြီးတယ်လို့ မပြောလိုပေမယ့် ကျွန်တော့်မှာ အခုလို မျိုးရိုးဗီဇ အခြေခံရှိနေပါတယ်။ အဲ့ဒါကိုတော့ ကျွန်တော် မပြောင်းလဲနိုင်ပါဘူး"လို့ ပြောပါတယ်။
အဒမ်စ်ဟာ ဗုဒ္ဓဟူးနေ့ စတုဂတ်အာရီနာတွင် အိမ်ရှင်အသင်းဖြစ်တဲ့ ဂျာမနီတို့နှင့် ရင်ဆိုင်ရမယ့် ဒုတိယမြောက်ပွဲစဉ်မှာ လက်ရွေးစင်အသင်းအတွက် ပြန်လည် ပါဝင်လာမှာဖြစ်ပါတယ်။