The network connection is lost.

Banner Image

ဘက်စ်ကတ်ဘော အားကစားမှာလည်း ဆရာတစ်ပါးဖြစ်နေတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ ကြာသပတေးနေ့ညက ဆဲလ်တစ်နဲ့ မေဗာရစ်တို့ ယှဉ်ပြိုင်ခဲ့တဲ့ ဘက်စ်ကတ်ဘောပွဲကို သွားရောက်ကြည့်ရှုခဲ့ပြီး ပြိုင်ပွဲမတိုင်ခင်မှာ ဆဲလ်တစ်နည်းပြနဲ့ စကားစမြည်ပြောခဲ့ပြီး အကြံဉာဏ်ပေးခဲ့ပုံပေါ်တာကြောင့် ဘက်စ်ကတ်ဘောအားကစားမှာလည်း ကျွမ်းကျင်မှုရှိနေပုံပေါ်ပါတယ်။ ဂွါဒီယိုလာဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ကို ၄ ကြိမ်ဆက် စံချိန်တင်ဆွတ်ခူးပြီးနောက်မှာတော့ အေးအေးဆေးဆေးအနားယူနေပြီး ဘက်စ်ကတ်ဘောပြိုင်ပွဲတွေကို လိုက်လံအားပေးနေခဲ့တာဖြစ်ပါတယ်။

ယမန်နေ့ညကလည်း စပိန်သားဟာ ဘော်စတွန်ဆဲလ်တစ်နဲ့ ဒါးလက်စ်မေဗာရစ်တို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ကို တီဒီဂါးဒန်းမှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ မကြာသေးမီက တင်းနစ်နဲ့ ဘက်စ်ကတ်ဘောပြိုင်ပွဲတွေကို စိတ်ဝင်စားကြောင် ပြောကြားခဲ့တဲ့ ဂွါဒီယိုလာဟာ ယခုပွဲစဉ်မှာတော့ ဆဲလ်တစ်အသင်းရဲ့ အင်္ကျီကို ဝတ်ဆင်အားပေးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနည်းပြက “ရော်ဂျာဖက်ဒဲရာ၊ နိုဗက်ခ်ဂျိုကိုဗစ်နဲ့ ရာဖေးလ်နာဒယ်တို့က မယုံနိုင်စရာကောင်းတဲ့ အားကစားသမားတွေပါ။ ဘက်စ်ကတ်ဘောမှာဆိုရင်လည်း မိုက်ကယ်ဂျော်ဒန်က အံ့ဩစရာပါပဲ။ ကျွန်တော်က အားကစားတွေကို နှိုင်းယှဉ်နေတာမဟုတ်ပါဘူး။ နားလည်မှုမလွဲပါနဲ့”လို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ဆဲလ်တစ်ဘက်စ်ကတ်ဘောအသင်းရဲ့ နည်းပြဖြစ်သူ ဂျိုးမက်ဇူလာနဲ့ တွေ့ဆုံခဲ့ပြီး အပြန်အလှန် ဂျာစီတွေလဲလှယ်ကာ စကားစမြည်ပြောခဲ့ကြပါသေးတယ်။ မက်ဇူလာဟာ အသက်-၃၅ နှစ်အရွယ်သာ ရှိသေးပြီး  ဘေလ်ရက်ဆဲလ်နောက်ပိုင်း NBA ဗိုလ်လုပွဲကိုတက်လှမ်းနိုင်ခဲ့တဲ့ အသက်ငယ်ဆုံးနည်းပြဖြစ်ပါတယ်။

ယခုအခါမှာ မန်စီးတီးအသင်းရဲ့ ကစားသမားအများစုက ယူရိုပြိုင်ပွဲအတွက် ဂျာမနီကို ခရီးထွက်သွားခဲ့ကြပြီဖြစ်တာကြောင့် ဂွါဒီယိုလာအနေနဲ့လည်း အင်္ဂလန်ကနေထွက်ခွာပြီး အမေရိကဘက်က ခြေဆန့်နေခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ၃ ကြိမ်ဆွတ်ခူးထားနိုင်တဲ့ နည်းပြဟာ ယခု ဘက်စ်ကတ်ဘောပွဲစဉ်မှာလည်း မက်ဇူလာကို လက်ဟန်ခြေဟန်တွေနဲ့ စကားပြောနေပြီး ဆရာလုပ်နေပုံပေါ်ပါတယ်။ ပွဲအပြီးမှာလည်း ဆဲလ်တစ်က မေဗာရစ်ကို အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

မက်ဇူလာနဲ့ ဂွါဒီယိုလာတို့ဟာ ယခင်ကလည်း တွေ့ဖူးခဲ့ကြပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ အမေရိကန်သားဟာ အီတီဟတ်သို့ လာရောက်လည်ပတ်ခဲ့ဖူးတာဖြစ်ပါတယ်။ ထိုစဉ်တုန်းကလည်း ဂွါဒီယိုလာဟာ မက်ဇူလာကို စကားစမြည်ပြောခဲ့ပြီး ဘက်စ်ကတ်ဘောအကြောင်း ဆွေးနွေးခဲ့ပုံပေါ်ပါတယ်။

အီတီဟတ်သို့ လည်ပတ်ပြီးနောက် ၁ ပတ်အကြာမှာတော့ မက်ဇူလာက “ဘက်စ်ကတ်ဘောမှာ အသုံးပြုရတဲ့ တန်ပြန်တိုက်စစ်က ဘောလုံးမှာအသုံးပြုရတဲ့ တန်ပြန်တိုက်စစ်နဲ့ ဘာကွာသလဲလို့ ကျွန်တော်မေးတော့ ဂွါဒီယိုလာက သူ့အနေနဲ့ ဘက်စ်ကတ်ဘောက ကစားနည်းကို ဘောလုံးမှာလည်း ထည့်သွင်းအသုံးချဖို့ အကြံအစည်ရှိနေတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်လည်းမန်စီးတီးကို အများကြီးလေ့လာနေပါတယ်။ ပက်ကိုလည်း လေ့လာနေပါတယ်။ သူက ဘယ်အားကစားနည်း ဘယ်အဆင့်အတန်းမှာမဆို အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ကျွန်တော့်အပေါ်မှာ လွှမ်းမိုးမှု အများကြီးရှိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။