စပိန်နဲ့ပွဲမှာ အသင်းရဲ့အဓိက ကစားသမားတစ်ဦးကို ချန်လှပ်သွားမယ့် ဒက်စ်ချမ့်စ်
ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချမ့်စ်ဟာ အင်္ဂါနေ့ စပိန်နဲ့ရင်ဆိုင်ကစားသွားရမယ့် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးကို ချန်လှပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဒက်စ်ချမ့်စ်ရဲ့အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပေါ်တူဂီကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်ရဲ့ နည်းပြအဖွဲ့ဝင်တွေက စပိန်ကို ကျော်ဖြတ်နိုင်ဖို့ဆိုရင်တော့ အသင်းရဲ့လူစာရင်းကို အပြောင်းအလဲပြုလုပ်ဖို့လိုအပ်တယ်လို့ ယူဆနေကြပါတယ်။
ပြင်သစ်ဟာ အုပ်စုအဆင့် ၃ ပွဲကစားခဲ့ရာမှာ ၅ မှတ်သာရရှိခဲ့တာကြောင့် ဒုတိယနေရာနဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်းလာခဲ့ပြီး ၁၆ သင်းအဆင့်မှာလည်း ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်ရဲ့ OG ကြောင့်သာ ကွာတားဖိုင်နယ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ သတင်းတွေရဲ့ ဖော်ပြချက်အရ ဒက်စ်ချမ့်စ်ဟာ စပိန်နဲ့ပွဲစဉ်မှာ ပြင်သစ်ရဲ့ဒုတိယ အသင်းခေါင်းဆောင်ဖြစ်တဲ့ အန်တိုနီဂရစ်ဇ်မန်းကို ချန်လှပ်သွားမယ်လို့ သိရပါတယ်။
ကွင်းလယ်လူဟာ ဒီယူရိုပြိုင်ပွဲမှာ ပြင်သစ်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲအထိ ပွဲထွက်ကစားခွင့်ရထားတာဖြစ်ပါတယ်။ သို့သော်လည်း ကစားသမားဟာ အသင်းအတွက် ဂိုးမသွင်းနိုင်သေးသလို၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်းမရှိသေးတာကြောင့် ကြီးမားတဲ့ သက်ရောက်မှုကို မပြသနိုင်သေးပါဘူး။ ဂရစ်ဇ်မန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ သမိုင်းတစ်လျှောက် စတုတ္ထမြောက် ပွဲအများဆုံးကစားထားသူအဖြစ် ၁၃၄ ပွဲနဲ့ မှတ်တမ်းဝင်ထားပြီး ၄၄ ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် စတုတ္ထမြောက် ဂိုးသွင်းအများဆုံး ကစားသမားလည်းဖြစ်ပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ဆိုင်းငံ့ခံထားခဲ့ရတဲ့ ရာဘီရော့ကတော့ လာမယ့် စပိန်နဲ့ပွဲအတွက် ကာမာဗင်ဂါနေရာမှာ ပြန်လည်ပါဝင်လာနိုင်ချေရှိပါတယ်။ ဒါကြောင့် ပြင်သစ်ကွင်းလယ်မှာ ရာဘီရော့၊ ချူအာမန်နီ၊ ကန်တေ တို့ပါဝင်လာပြီး တိုက်စစ်ပိုင်းမှာတော့ မူအာနီ၊ ဒမ်ဘီလီနဲ့ အမ်ဘာပေတို့ ပွဲထွက်သွားဖွယ်ရှိနေပါတယ်။
ဒမ်ဘီလီဟာ ပေါ်တူဂီနဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ပေမယ့် ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။