
ဂရင်းဝုဒ်ကို ရောင်းချမှာမဟုတ်ကြောင်း မာဆေးလ်အားကစားဒါရိုက်တာ အခိုင်အမာပြော
ပြင်သစ်လီဂူးကလပ် မာဆေးလ်ရဲ့အားကစားဒါရိုက်တာက အသင်းမှထွက်ခွာပြီး စီးရီးအေ သို့မဟုတ် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးနေတဲ့ တိုက်စစ်ကြယ်ပွင့် မေဆင်ဂရင်းဝုဒ်နဲ့ပတ်သက်ပြီး အသင်းဟာ ကစားသမားကို ရောင်းချသွားမှာမဟုတ်ဘဲ အနာဂတ်အစီအစဉ်တွေအတွက် ဆက်လက်ထိန်းသိမ်းသွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
အသက်-၂၃ နှစ်အရွယ် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီက မန်ချက်စတာယူနိုက်တက်မှ မာဆေးလ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပွဲဦးထွက်ရာသီမှာပဲ အသင်းသစ်အတွက် စတင်ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ မာဆေးလ်ရဲ့တိုက်စစ်မှာ အလွန်အရေးပါတဲ့ကစားသမားအဖြစ်ရပ်တည်ထားနိုင်တဲ့ ဂရင်းဝုဒ်ကို ယခုအခါမှာတော့ အီတလီထိပ်သီးကလပ် အင်တာမီလန်အပါအဝင် ဆော်ဒီပရိုလိဂ်ကလပ်တွေကပါ ခေါ်ယူဖို့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။
မာဆေးလ်အနေနဲ့ ဂရင်းဝုဒ်ကိုခေါ်ယူဖို့ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေးပေါင် ၂၈ သန်းသာပေးချေခဲ့ရပေမယ့် ယခုအခါမှာ ပြင်သစ်သတင်းတွေအရ အင်တာမီလန်နဲ့ ဆော်ဒီကလပ်တွေဟာ အင်္ဂလန်သားကိုခေါ်ယူဖို့ ပေါင် ၄၄ သန်းအထိ ကမ်းလှမ်းလာနိုင်တယ်လို့သိရပါတယ်။ သို့သော်လည်း ကလပ်ဒါရိုက်တာ မက်ဒီဘီနာရှာကတော့ အသင်းအတွက် ဂိုးတွေသွင်းယူပေးနိုင်ပြီး ခြေစွမ်းပြနေတဲ့ဂရင်းဝုဒ်ကို ယခုနွေရာသီမှာ ရောင်းချဖို့အစီအစဉ်မရှိကြောင်း ပြောကြားလာခဲ့ပါတယ်။
ဘီနာရှာက "ဂရင်းဝုဒ်က အသင်းမှာပဲ ဆက်ရှိနေမှာပါ။ သူ့ကိုကျွန်တော်တို့ မရောင်းပါဘူး။ မာဆေးလ်ရဲ့ အနာဂတ်အစီအစဉ်တွေနဲ့ လာမယ့်ရာသီတွေမှာ သူက အလွန်အရေးပါတဲ့ကစားသမားအဖြစ် ပါဝင်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဂရင်းဝုဒ်ဟာ မာဆေးလ်ရဲ့ရာသီကြိုပွဲစဉ်တွေမှာ ပုံမှန်ပါဝင်ကစားနေပြီး ဂိုးတွေလည်း ဆက်တိုက်သွင်းယူနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီက မာဆေးလ်သို့ ၂ နှစ်စာချုပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အူဘာမီယန်းကလည်း မကြာသေးမီက ဂရင်းဝုဒ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ထားခဲ့ပါတယ်။
လာမယ့်စနေနေ့ အက်စတွန်ဗီလာနဲ့ယှဉ်ပြိုင်သွားရမယ့် ရာသီကြိုခြေစမ်းပွဲစဉ်မှာလည်း ဂရင်းဝုဒ်အနေနဲ့ မာဆေးလ်အတွက် ဆက်လက်ပွဲထွက်ကစားသွားဖွယ်ရှိနေပြီး ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ မာဆေးလ်ဟာ လီဂူးဝမ်းအဖွင့်ပွဲစဉ်အဖြစ် ရန်းနက်စ်နဲ့ စတင်ယှဉ်ပြိုင်သွားရပါမယ်။