ပရီးမီးယားလိဂ်အသင်းတွေဟာ စတုတ်စီးတီးလမ်းစဉ်လိုက်လာကြတယ်လို့ ဂွါဒီယိုလာပြောကြား
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်အသင်းတော်တော်များများဟာ စတုတ်စီးတီးလမ်းစဉ်ကို လိုက်လာကြပြီး တိုနီပူးလစ်ရဲ့နည်းစနစ်အဟောင်းကို အသုံးပြုလာကြတယ်လို့ ပြောကြားလိုက်ပါတယ်။ စပိန်သားက ပရီးမီးယားလိဂ်အသင်းတွေဟာ ပူးလစ်ရဲ့နည်းစနစ်ကို ချစ်မြတ်နိုးလာပြီး စကေးလ် နဲ့ ဘောလုံးပိုင်ဆိုင်မှုထက် လက်ပစ်ဘော နဲ့ တည်ကန်ဘောတွေကို အားထားလာကြတယ်လို့ ပြောကြားလိုက်ပါတယ်။
ဒါပေမယ့်လည်း ဂွါဒီယိုလာကတော့ သူ့နည်းစနစ်ကိုပြောင်းလဲမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်သွင်းဂိုးတွေရဲ့ ၁၉%ဟာ ထောင့်ကန်ဘောတွေကနေ ဖြစ်တည်လာတာများနေပါတယ်။ ပရီးမီးယားလိဂ်ပွဲအများစုမှာလည်း အသင်းတွေဟာ ထောင့်ကန်ဘော နဲ့ အဝေးပစ်လက်ပစ်ဘောတွေကိ ဂိုးရအောင် စွမ်းဆောင်လာပါတယ်။
အဲ့ထဲမှာ အာဆင်နယ်အသင်းလိုထိပ်တန်းအသင်းတွေလည်း ပါဝင်လာခဲ့ပြီး တည်ကန်ဘောတွေ ၊ ထောင့်ကန်တွေကနေ ဂိုးရအောင် ပိုမိုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့လက်ရှိနည်းစနစ်ဟာ ယခင်စတုတ်စီးတီးနည်းပြဟောင်း တိုနီပူးလစ်ရဲ့နည်းစနစ်ကို အဆင့်မြှင့်ထားခဲ့တာဖြစ်ပြီး အသုံးဝင်နေတာဖြစ်ပါတယ်။ ဂွါဒီယိုလာက သူ့အနေနဲ့ ပြိုင်ဘက်နည်းပြတွေကို လေးစားမှုရှိသလို သူ့နည်းသူ့ဟန်နဲ့လုပ်ဆောင်နေတာကို လေးစားပေမယ့် စီးတီးအနေနဲ့တော့ ကိုယ်ပိုင်ဟန်ကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဆွမ်ဆီးအသင်းနဲ့ကာရာဘောင်ပွဲမတိုင်ခင် ဂွါဒီယိုလာက ပရီးမီးယားလိဂ်အသင်းတွေရဲ့အခြေအနေကို ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ရှောင်ဒိုက်နဲ့ အချိန်အတော်ကြာတုန်းက ရင်ဆိုင်ခဲ့ရတာကို မှတ်မိပါတယ်။ ဘန်လေက အဲ့အချိန်မှာ အဝေးဘောတွေ ၊ second ball တွေနဲ့ ခြိမ်းခြောက်နိုင်ခဲ့တာပါ။ ရှောင်က ဒီလိုအရာတွေမှာ အကောင်းဆုံးလုပ်နိုင်တဲ့နည်းပြတွေထဲကတစ်ဦးပါ။ အဲ့တာက အသစ်မဟုတ်ပဲ အရင်တုန်းက သူလုပ်ခဲ့တာပါ စတုတ်စီးတီးလည်း အဲ့တာမျိုးလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အဲ့အချိန်တုန်းက ဒီမှာမရှိပါဘူး။ အခုစတုတ်လမ်းစဉ်ကို အသင်းတော်တော်များများလိုက်လာကြပါပြီ။ ကျွန်တော် ဘာစီလိုနာ နဲ့ ဘိုင်ယန်မှာရှိတုန်းက အာစင်းဝင်းဂါးတစ်ယောက် စတုတ်စီးတီးအကြောင်းပြောတာ မှတ်မိပါသေးတယ်။
ဒါပေမယ့် အခုတော့ အဲ့တာမျိုးတွေပြန်ဖြစ်လာပါပြီ။ နည်းပြတိုင်းမှာ သူတို့ယုံကြည်မှုနဲ့သူတို့ရှိပါတယ်။ ကျွန်တော်လည်း ကျွန်တော့်ယုံကြည်မှုအတိုင်းအာရုံစိုက်ထားပါတယ်။ ကျွန်တော် ထောင့်ကန်ဘော ၊ တည်ကန်ဘောတွေကိ ဂိုးသွင်းချင်ပါတယ်။ ကျွန်တော်က နုံအတဲ့သူမဟုတ်ပါဘူး။ ကျွန်တော့်အဲ့တာမျိုးလိုချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အချိန်တွေမှာတော့ တိုက်စစ်ကို အချိတ်အဆက်တွေနဲ့အတူ ဂိုးဖန်တီးပြီး သွင်းချင်ပါတယ်။
ခံစစ်ပိုင်းက ပိုပြီးစိတ်အားထက်သန်ဖို့လိုအပ်ပါတယ်။ ပွဲရှုထောင့်တိုင်းကနေ ကျွန်တော်မြင်ပါတယ်။ မှန်ပါတယ်။ ကျွန်တော် အာရုံစိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အခုလိုကစားပုံကို နည်းပြဘဝတစ်လျှောက်လုံးလုပ်လာတာပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ ဒီရာသီမှာ open play ကနေဂိုးသွင်းထားနိုင်တဲ့တစ်သင်းတည်းသောအသင်းအဖြစ် စီးတီးအသင်းသာ ရပ်တည်နေပါတယ်။