
ဟာလန်းက အီဆက်ထက် ပိုကောင်းတယ်လို့ ဂွာဒီယိုလာ ပြော
ပက်ဂွာဒီယိုလာက မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းကို ကမ္ဘာပေါ်က ဘယ်ကစားသမားနဲ့မှ လဲမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဒီစကားက လီဗာပူးအသင်းက အလက်ဇန်းဒါးအီဆက်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းက နယူးကာဆယ်ယူနိုက်တက်ကနေ အီဆက်ကို ဝယ်ယူခဲ့ပြီးနောက်မှာ နည်းပြ အန်းစလော့က အီဆက်ကို "ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နိုင်တယ်" လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဂွာဒီယိုလာကတော့ ဟာလန်းက ပိုကောင်းတယ်လို့ ယူဆနေပါတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဂွာဒီယိုလာက "အာလင်းက နည်းနည်းလေး ပိုသာပါတယ်။ အီဆက်ကလည်း ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ ခင်ဗျားတို့က ကျွန်တော့်ကို အာလင်းအကြောင်းမေးတာလေ၊ သူက ထိပ်တန်းပဲ။ လီဗာပူးပေးခဲ့တဲ့ ပြောင်းရွှေ့ကြေးကို ကြည့်ရင် အီဆက်ကလည်း ထိပ်တန်းကစားသမား ဖြစ်မှာ သေချာပါတယ်။ ဒါက အမြင်တစ်ခုပဲလေ။ တခြားတစ်ယောက်ကတော့ အမ်ဘာပေ၊ မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒိုလို့ ပြောချင်ပြောမှာပေါ့... ကျွန်တော်ကတော့ အာလင်းကို ဘယ်သူနဲ့မှ မလဲပါဘူး။ ကျွန်တော် သူ့ကို သိတယ်၊ သူ့ကို သဘောကျတယ်" လို့ ပြောခဲ့ပါတယ်။
ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအတွက် သုံးဂိုး သွင်းယူထားပါတယ်။ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲမှာတော့ ဂိုးသွင်းခွင့်တွေ လွဲချော်ခဲ့ပြီး အဲ့ဒီပွဲမှာ စီးတီးအသင်း ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ဟာလန်းဟာ သူ့နိုင်ငံအသင်းအတွက်တော့ ခြေစွမ်းပြနေပါတယ်။ သူဟာ နော်ဝေအသင်းအတွက် မော်လ်ဒိုဗာနဲ့ ကစားခဲ့တဲ့တစ်ပွဲတည်းမှာတင် ငါးဂိုးသွင်းယူခဲ့ပြီး ဖင်လန်နဲ့ပွဲမှာလည်း ဂိုးသွင်းခဲ့ပါသေးတယ်။
မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ဒါဘီပွဲစဉ် ကစားရမှာပါ။ ကစားသမားသစ် ၁၀ ယောက် ခေါ်ယူထားပြီးနောက် သူ့အသင်း အချိန်လိုအပ်တယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။
"ဘယ်ကလပ်မှာမဆို အပြောင်းအလဲတွေ အမြဲရှိပါတယ်။ လေး၊ ငါးလအတွင်း ကစားသမား ၁၀ ယောက်လောက် ပြောင်းလဲလိုက်တဲ့အခါ အရာအားလုံးက အသားကျဖို့၊ အထိုင်ကျဖို့နဲ့ တည်ငြိမ်ဖို့ အချိန်လိုပါတယ်" လို့ သူက ပြောပါတယ်။ "ကျွန်တော်တို့ (ကောင်းတဲ့) အရာတော်တော်များများ လုပ်ဆောင်နေဆဲပါ။ ဒါပေမဲ့ အရင်ကထက် ပိုပြီး ခြေစွမ်းတည်ငြိမ်ဖို့ လိုအပ်နေပါသေးတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားသွားမှာပါ" လို့ ဂွာဒီယိုလာက ဆိုပါတယ်။