
ကလပ်ဘရုကိုအနိုင်ရပြီးနောက် မန်စီးတီးဟာ ပုံစံအမှန်ကိုပြန်လည်ရရှိနေပြီလို့ ပြောကြားလာတဲ့ ဂွါဒီယိုလာ
ယနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ကလပ်ဘရုကို နောက်ကနေလိုက်ကစားကာ ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းဟာ ပုံစံအမှန်ကိုပြန်လည်ရရှိနေပြီဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် မန်စီးတီးအနေနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကိုဆက်လက်တက်ရောက်နိုင်ဖို့ ပလေးအော့ဖ်ပွဲစဉ်ကစားသွားရမှာဖြစ်ပေမယ့် ပလေးအော့ဖ်အဆင့်မှာ ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ၂ သင်းမှ တစ်သင်းနဲ့ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။
ကလပ်ဘရုကိုအနိုင်ရပြီးနောက် ပွဲအပြီးမှာ ဂွါဒီယိုလာက “ကျွန်တော်တို့ ၄၅ မိနစ်လောက် ပြိုင်ပွဲကနေထွက်ခွာရဖို့နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီးဆုံးရှုံးစရာမရှိတော့ဘူးလို့ ခံယူပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ကစားပုံအရမ်းတိုးတက်ခဲ့ပါတယ်။ တစ်ခါတလေမှာ အနိုင်ရနေပေမယ့် ရှုံးနိမ့်မှာကို ကြောက်ရွံ့နေမိတတ်ကြပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့မှာ ဆုံးရှုံးစရာဘာမှမရှိတော့ဘူးလို့ တွေးခဲ့ကြပြီး လွတ်လွတ်လပ်လပ်ကစားခဲ့လို့ ပုံစံအမှန်ကို ပြန်လည်တွေ့ရှိခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း မန်စီးတီးဟာ အသင်းရဲ့လူအင်အားကိုဖြည့်တင်းဖို့ ကစားသမားသစ် ၃ ဦးအထိ ခေါ်ယူထားခဲ့ပါတယ်။ အဆိုပါကစားသမားတွေနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက “သူတို့ ၃ ယောက်စလုံးအခုချိန်မှာ ပိုကောင်းလာခဲ့ပါပြီ။ ဒါ့ပေမယ့် လာမယ့် ၂ ပတ်အတွင်းဘာတွေဖြစ်လာမလဲ ကျွန်တော်မသိပါဘူး။ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့က ကျွန်တော်တို့ထက်ပိုကောင်းပါတယ်။ ဒါကြောင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ ရုန်းကန်သွားရမှာသေချာပါတယ်”
“ကျွန်တော်လိုချင်တာကတော့ ကျွန်တော့်ရဲ့အရင်တုန်းက မန်စီးတီးပါပဲ။ကျွန်တော်တို့ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို ပြဿနာသောင်းခြောက်ထောင်နဲ့ ယှဉ်ပြိုင်ထားခဲ့ရပါတယ်။ မနက်ဖြန်မှာ မက်ဒရစ်နဲ့ မြူးနစ်တို့ကို ယှဉ်ပြိုင်ဖို့မလွယ်ပေမယ့် လာမယ့် ၂ ပတ်အတွင်းမှာတော့ ခံစားချက်တွေပိုကောင်းလာမှာသေချာပါတယ်။ ကျွန်တော်တို့အသင်းက သူတို့ကို အခက်တွေ့စေမယ်ဆိုတာ သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဆဲလ်တစ်ကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အက်စတွန်ဗီလာအတွက် ဟက်ထရစ်ရယူပေးနိုင်ခဲ့တဲ့ ရိုဂျာစ်ကလည်း “ဒီပွဲက ကျွန်တော့်ကစားသမားဘဝအတွက် အထူးခြားဆုံးဖြစ်ပါလိမ့်မယ်။ ဒီလိုဟက်ထရစ်သွင်းနိုင်ခဲ့တာ ရူးသွပ်လောက်စရာအတွေ့အကြုံပါပဲ။ ကြီးမားတဲ့အောင်မြင်မှုဖြစ်ပြီး အသင်းအတွက်လည်း ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ကို အခုလို နိုင်ပွဲဆာလောင်စိတ်ဖြစ်စေဖို့ မန်နေဂျာကလည်း အမြဲတမ်းတွန်းအားပေးနေပါတယ်” လို့ပြောကြားခဲ့ပါတယ်။