The network connection is lost.

Banner Image

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် မန်စီးတီးကစားသမားတွေကို အလှည့်ကျအနားပေးဖို့ ပက်ဂွာဒီယိုလာ အရိပ်အမြွက်ပြောကြား

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ ဗုဒ္ဓဟူးနေ့ညက ဘန်လေအသင်းကို အနိုင်ရရှိပြီးနောက် ဇယားထိပ်မှာ ရပ်တည်နေတဲ့ သူ့ရဲ့ကစားသမားတွေဆီမှာ ပင်ပန်းနွမ်းနယ်မှုဒဏ်တွေ ရိုက်ခတ်လာမှာကို စိုးရိမ်နေပါတယ်။ ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ အဲဒီပွဲစဉ်အပြီးမှာတော့ မန်စီးတီးဟာ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ဇယားထိပ်ကို တက်လှမ်းနိုင်ခဲ့တာပါ။

လာမယ့်စနေနေ့မှာ ဆောက်သမ်တန်နဲ့ ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ရှိနေတာကြောင့် ဂွာဒီယိုလာက "အခုတော့ ဒီကိစ္စကို သေချာအာရုံစိုက် စဉ်းစားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တနင်္ဂနွေနေ့တုန်းက ပင်ပန်းထားတာတွေကြောင့် ဒီနေ့ပွဲအတွက် လူစာရင်းထုတ်တဲ့အခါမှာတောင် ကျွန်တော့်မှာ ဒွိဟတွေ အများကြီး ဖြစ်ခဲ့ရလို့ပါ" လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

"အရင်အပတ်တွေတုန်းကတော့ တစ်ပတ်ကို တစ်ပွဲပဲ ကစားရတာမို့ အခုလောက် မပင်ပန်းခဲ့ကြပါဘူး။ အခုကတော့ သုံးရက်အတွင်း သုံးပွဲဆက်တိုက် ကစားရမှာဖြစ်သလို လန်ဒန်ကိုလည်း သွားရဦးမှာပါ။ ကျွန်တော်တို့ နိုင်ခဲ့ရင်တော့ အဲဒါက ဆုံးဖြတ်ချက်မှန်တယ်လို့ သတ်မှတ်ကြမှာဖြစ်ပြီး ရှုံးခဲ့ရင်တော့ ဆုံးဖြတ်ချက်မှားတယ်လို့ အပြောခံရမှာပါ" လို့လည်း ၎င်းက ဆိုပါတယ်။

လူစာရင်း အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ သူက "ဘာလုပ်မယ်ဆိုတာ ကျွန်တော်လည်း မသိသေးဘူး၊ သေချာ စဉ်းစားရပါဦးမယ်။ ကျွန်တော်တို့အနေနဲ့ ကစားအား ပုံမှန်ရှိနေတဲ့သူတွေရော၊ ပွဲမကစားထားရသေးတဲ့ သူတွေပါ လိုအပ်ပါတယ်။ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော့်မှာ စဉ်းစားဖို့အတွက် နှစ်ညအချိန်ရှိသေးတာမို့ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရပါလိမ့်မယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။