The network connection is lost.
ဂီတာဖေးမှာ အငှားနဲ့သွားရောက်ကစားနေတဲ့ မေဆင်ဂရင်းဝုဒ်ဟာ လက်ရှိမိခင်ကလပ် မန်ချက်စတာယူနိုက်တက်မှာသာ ပြန်လည်ကစားခွင့်ရမယ်ဆိုပါက ဘာစီလိုနာရဲ့ကမ်းလှမ်းချက်တွေကိုငြင်းပယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ အဓမ္မကျင့်ရန်ကြိုးပမ်းမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ကစားသမားဟာ လက်ရှိအချိန်မှာ ဂီတာဖေးကို အငှားနဲ့ရောက်ရှိနေပြီး ယူနိုက်တက်အတွက် ပြန်လည်ကစားပေးဖို့မဖြစ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
သို့သော်လည်း ယခုအခါ The Sun ရဲ့ဖော်ပြချက်အရ ကစားသမားဟာ ယူနိုက်တက်အပေါ်မှာအကြွေးတင်နေတယ်လို့ခံစားရပြီး အသင်းက ပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားပါက ဘာစီလိုနာရဲ့ကမ်းလှမ်းချက်တွေကို ငြင်းပယ်သွားဖို့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
သတင်းတွေအရ ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ဟာ ဂရင်းဝုဒ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ အသင်းတွေက အပြီးသတ်ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် ယူနိုက်တက်အနေနဲ့ ကစားသမားရဲ့တန်းကြေးကို ပေါင်သန်း ၄၀ ဝန်းကျင်အထိ တန်ကြေးသတ်မှတ်ထားတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ယူနိုက်တက်အနေနဲ့ ဂရင်းဝုဒ်ကို အိုးလ်ထရက်ဖို့ဒ်သို့ပြန်လည် ခေါ်ယူပါက ကစားသမားရဲ့ လူ့အဖွဲ့အစည်းနဲ့ဆန့်ကျင်တဲ့ အပြုအမူတွေကြောင့် ဝေဖန်မှုတွေနဲ့ကြုံတွေ့နိုင်တာဖြစ်ပါတယ်။ ဂီတာဖေးကိုရောက်ရှိပြီးနောက်ပိုင်းမှာ ဂရင်းဝုဒ်ဟာအသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။
ကစားသမားဟာ ယူနိုက်တက်မှာရှိစဉ်က အသင်းအတွက် ၁၂၉ ပွဲ ကစားပြီး ၃၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ ဒီအပတ်ကုန်မှာတော့ ဂီတာဖေးနဲ့အတူ လာလီဂါပွဲစဉ်အဖြစ် ဘာစီလိုနာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့်အပတ်မှာတော့ လက်စ်ပါးမက်စ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။