The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဆင်ခြေပေးလို့မရတော့ဘူးလို့ ထုတ်ပြောလာတဲ့ မာဂယ်လ်ဟေးစ်

၂၀၂၅-၂၀၂၆ ဘောလုံးရာသီကို ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိဖို့ ကာလရှည်စောင့်ဆိုင်းနေရတဲ့ အာဆင်နယ်အတွက် မတူကွဲပြားတဲ့ဘောလုံးရာသီတစ်ခုဖြစ်လာလိမ့်မယ်လို့ မာဂယ်လ်ဟေးစ်က ယုံကြည်နေပါတယ်။ နောက်ဆုံးသုံးရာသီဆက်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒုတိယနေရာရရှိခဲ့တဲ့ ဂန်းနားတွေက ၂၀၀၃-၂၀၀၄ ရှုံးပွဲမရှိချန်ပီယံဆုရရှိခဲ့တဲ့ဘောလုံးရာသီနောက်ပိုင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ရာသီပိတ်သိမ်းအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

မာဂယ်လ်ဟေးစ်ကိုယ်တိုင်လည်း ကလပ်အသင်းကို ကာလရှည်နိမ့်ကျနေမှုမှ ဆုဖလားစိန်ခေါ်နိုင်သူတွေအဖြစ် ပြောင်းလဲသွားအောင် လုပ်ဆောင်ခဲ့တဲ့ အာတီတာရဲ့စီမံကိန်းအတွက် အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဗဟိုခံစစ်မှူးက ၂၀၂၀ ပြည့်နှစ်၊ အက်ဖ်အေဖလားအောင်ပွဲနောက်ပိုင်း အဓိကဆုဖလားတစ်လုံးရယူဖို့ ကြိုးပမ်းရာမှာ သူတို့အသင်းအတွက် ဆင်ခြေပေးနိုင်ဖို့အကြောင်းအရင်းမရှိတော့ဘူးလို့ ယုံကြည်နေပါတယ်။

BBC Sport နဲ့တွေ့ဆုံချိန် မာဂယ်လ်ဟေးစ်က “ ကျွန်တော်တို့တွေ ဆင်ခြေပေးလို့ရနိုင်လိမ့်မယ် မထင်ပါဘူး။ ပြီးခဲ့တဲ့သုံးနှစ်တာကာလမှာ ကျွန်တော်တို့တွေ လုပ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ခဲ့ပါတယ်။ အခိုက်အတန့်အချို့မှာ ကံနည်းနည်းလေးမကောင်းခဲ့ဘူးလို့ ခံစားမိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး အဓိကဆုဖလားတွေ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ နည်းပြပြောကြားနေတဲ့အရာ၊ ကိုယ်လုပ်ရမယ့်အရာ၊ ကိုယ်တိုးတက်ရမယ့်အရာတွေအပေါ်မှာပဲ ကျွန်တော်တို့ အာရုံစိုက်ထားခဲ့ပါတယ်။

ဒီနှစ်တော့ ကွဲပြားခြားနားလာလိမ့်မယ်လို့ ထင်ပါတယ်။ အခုဆိုရင် ကလပ်အသင်းဆီ ကျွန်တော်ရောက်နေတာ ငါးနှစ်ရှိပါပြီ။ ဒီကလပ်အသင်း ဘယ်လောက်အထိတိုးတက်လာသလဲဆိုတာလည်း မြင်တွေ့ခဲ့ပြီးပါပြီ။ အဓိကဆုဖလားတွေအနိုင်ရရှိဖို့အတွက် ဒီကလပ်အသင်းမှာ ကျွန်တော်ရှိနေတာပါ။ အခုဘောလုံးရာသီက ကွဲပြားခြားနားလာလိမ့်မယ်လို့လည်း ယုံကြည်ထားပါတယ်။ 

မကြာသေးမီနှစ်တွေအတွင်း ကျွန်တော်တို့တွေ ဆုဖလားနဲ့လက်တစ်ကမ်းအလိုအထိ ရောက်ရှိခဲ့ပြီး အောင်ပွဲခံလုနီးပါးဖြစ်ခဲ့ပေမယ့် ဒီနှစ်တော့ အရာရာတိုင်း ကွဲပြားခြားနားလာလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအချက်အပေါ်မှာလည်း ကျွန်တော် အပြည့်အဝယုံကြည်ထားပါတယ်”လို့ ပြောပါတယ်။