
စီးရီးအေကိုသာ ပြန်ချင်နေတဲ့ လီဗာပူးစတား
သတင်းတွေအရ လီဗာပူးအသင်းတောင်ပံကစားသမား ချီယေဆာတစ်ယောက် မော်ရင်ဟိုရဲ့ဖီနာဘာချီထက် စီးရီးအေကိုသာ ပြန်ချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မြင့်မားတဲ့လုပ်ခလစာကြောင့် သူ့ကိုခေါ်ယူဖို့ စီးရီးအေကလပ်တွေအနေနဲ့ ခက်ခဲနေပါတယ်။အန်ဖီးလ်မြေမှာ ရုန်းကန်ခဲ့ရပြီးနောက် အခုနွေရာသီမှာ အသင်းကနေထွက်ခွာမှာဖြစ်ပါတယ်။
မာကာတိုသတင်းဌာနရဲ့အဆိုအရ အီတလီသားဟာ စလော့ရဲ့ရာသီကြိုလူစာရင်းမှာ မပါဝင်ခဲ့တဲ့နောက် အသင်းကနေထွက်ခွာမယ်ဆိုတာ သေချာခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ဖီနာဘာချီက စိတ်ဝင်စားပေမယ့် ကစားသမားကတော့ အောင်မြေဖြစ်တဲ့ စီးရီးအေကိုသာ ပြန်ချင်နေပါတယ်။ ချီယေဆာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဂျူဗင်တပ်စ်ထံကနေ ပေါင် ၁၃ သန်းနဲ့ လီဗာပူးထံပြောင်းလာခဲ့ပေမယ့် ၁၄ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပြီး ၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဒဏ်ရာပြဿနာတွေကြောင့်လည်း ချီယေဆာတစ်ယောက် ရုန်းကန်ခဲ့ရပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ချင်တာကြောင့် ပုံမှန်ကစားခွင့်ရမယ့်အသင်းမျိုးကို ပြောင်းချင်နေပါတယ်။ စီးရီးအေက သူ့ဦးစားပေးဖြစ်ပေမယ့် လုပ်ခလစာယူရို ၇ သန်းဖြစ်နေတာက ခေါ်ယူမယ့်အသင်းတွေအတွက် အခက်အခဲဖြစ်နေပါတယ်။ အေစီမီလန် ၊ နာပိုလီ ၊ အတ္တလန္တာ နဲ့ ရိုးမားတို့က စိတ်ဝင်စားနေပေမယ့် လုပ်ခလစာကြောင့် စဉ်းစားနေပါတယ်။
အသက် ၂၇ နှစ်သားဟာ ၂၀၂၂ တုန်းက ပြင်းထန်တဲ့အရွတ်ကြောဒဏ်ရာခံစားခဲ့ရပြီး အဲ့နောက်ပိုင်းမှာလည်း ကြွက်သားဒဏ်ရာတွေဆက်တိုက်ရရှိခဲ့ကာ စွမ်းဆောင်ရည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ကြံ့ခိုင်မှုပြည့်ဝမယ်ဆိုရင် ချီယေဆာတစ်ယောက် သက်သေပြနိုင်မှာဖြစ်ပေမယ့် လက်ရှိအချိန်အထိ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အီတလီမြေကိုပြန်ဖြစ်ခဲ့ရင်တော့ ဘဝအသစ်ပြန်လည်စတင်နိုင်မှာဖြစ်ပြီး အယ်လီဂရီ ဒါမှမဟုတ် ကွန်တီတို့ထဲက တစ်ဦးဦးနဲ့ ပေါင်းဆုံချင်နေပါတယ်။
လီဗာပူးအသင်းဘက်ကလည်း အီတလီသားကို အပြီးသတ်ရောင်းချမှာဖြစ်ပြီး ယူရို ၁၅ သန်းအောက်လောက်နဲ့ ရောင်းချဖွယ်ရှိနေပါတယ်။ အီတလီကလပ်တွေက အသင့်ရှိနေပေမယ့် လုပ်ခလစာကြောင့် အခက်တွေ့နေပြီး ကစားသမားဘက်က လျော့ယူမယ်ဆိုရင် အပြောင်းအရွှေ့ဖြစ်လာဖွယ်ရှိနေပါတယ်