The network connection is lost.

Banner Image

ဟာလန်းပြန်လာပြီလို့ အတည်ပြုခဲ့တဲ့ ပက်ဂွါဒီယိုလာ

တစ်လကျော်ကြာအနားယူခဲ့ရပြီးနောက် ဟာလန်းက ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမယ့် မန်စီးတီးရဲ့ပွဲစဉ်မတိုင်ခင် အသင်းဆီ ပြန်လာပြီလို့ ပက်ဂွါဒီယိုလာက အတည်ပြုပြောဆိုပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ပက်ဂွါဒီယိုလာက တိုက်စစ်ကြယ်ပွင့်ဟာလန်းအနေဖြင့် ဘုန်းမောက်ကို အနိုင်ရရှိတဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ခုနစ်ပွဲလွဲချော်ပြီးနောက် ဒီညပွဲစဉ်မှာ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြုခဲ့ပါတယ်။

အခုလိုဟာလန်းပြန်လာနိုင်မှုက မန်စီးတီးရဲ့ ၁၅ ရာသီဆက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်ရေးကြိုးပမ်းမှုအပေါ် အင်အားဖြည့်တင်းမှုတစ်ရပ် သေချာပေါက်ဖြစ်လာပါလိမ့်မယ်။ လက်ရှိအမှတ်ပေးဇယားတတိယနေရာမှာ ရှိနေတဲ့ ပက်ဂွါဒီယိုလာရဲ့အသင်းက လက်ကျန်ပွဲစဉ်သုံးခုအနက် ခြောက်မှတ်စုဆောင်းနိုင်မယ်ဆိုရင် လာမယ့်ရာသီ၊ ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိဖို့ သေချာသွားပါလိမ့်မယ်။

ပက်ဂွါဒီယိုလာက “ ဟာလန်းအဆင်သင့်ဖြစ်နေပါပြီ။ သူအဆင်သင့်ဖြစ်နေပါပြီ၊ ကြံ့ခိုင်မှုပြည့်ဝနေပါတယ်။ ပွဲထွက်ခွင့်ပေးဖို့လား? မနက်ဖြန်ပွဲနေ့ကျမှ ကျွန်တော်တို့ ဆုံးဖြတ်သွားပါမယ်”လို့ ပြောပါတယ်။ ဟာလန်းက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၈ ပွဲကစား၊ ၂၁ ဂိုးသွင်းယူထားနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးကတော့ ဟာလန်းမကစားနိုင်ချိန်မှာတောင် နောက်ဆုံးလိဂ် ၆ ပွဲမှာ ၁၆ မှတ်အထိ စုဆောင်းထားနိုင်သလို အက်ဖ်အေဖလားဗိုလ်လုပွဲဆီလည်း တက်လှမ်းထားနိုင်ပါတယ်။

မန်စီးတီးက စိန့်မေရီခရီးစဉ်အပြီးမှာ ဘုန်းမောက်၊ ဖူလ်ဟမ်တို့နဲ့ရင်ဆိုင်ရမယ့် လက်ကျန်လိဂ်ပွဲစဉ်နှစ်ခုမတိုင်ခင် ခရစ္စတယ်ပဲလေ့စ်နဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲကို မေ ၁၇ ရက်မှာ ဆင်နွှဲသွားရပါမယ်။