
ပီဒရိုကိုခေါ်ယူခဲ့တဲ့ အဓိကအကြောင်းအရင်းကို မာရက်စ်ကာရှင်းပြ
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက ဘရိုက်တန်ကြယ်ပွင့်တိုက်စစ်မှူး ဂျာအိုပီဒရိုကို အသင်းသို့ခေါ်ယူခဲ့တဲ့ အဓိကအကြောင်းအရင်းကို ရှင်းပြပြောဆိုလာခဲ့ပါတယ်။
ချဲလ်ဆီးသို့စတင်ရောက်ရှိလာပြီးနောက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ပီဒရိုဟာ ရောက်ရောက်ချင်းမှာပဲ သူ့ရဲ့အစွမ်းအစကိုပြသထားပြီး ဖလူမီးနိစ်ကိုအနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပီဒရိုအတွက် ပေါင်သန်း ၆၀ အထိအသုံးပြုခဲ့ရတာဖြစ်ပေမယ့် ကစားသမားဟာ အသင်းရဲ့တိုက်စစ်မှူး လီယမ်ဒီလပ်ရဲ့နေရာမှာ တောက်ပတဲ့ခြေစွမ်းတွေပြသပြီး အသင်းကို ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ မာရက်စ်ကာက "ကျွန်တော်တို့ ပီဒရိုကိုခေါ်ယူနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်။ သူက အရမ်းကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ပြီး သင်ယူတတ်မြောက်လွယ်တဲ့ ကျောင်းသားတစ်ယောကလည်းဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် သူ့ရဲ့အရည်အသွေးကိုကောင်းကောင်းပြသနိုင်ခဲ့ပြီး ဂိုးပါသွင်းနိုင်ခဲ့ပါတယ်။ သူ့အတွက်လည်း ဝမ်းသာမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အသက်-၂၃ နှစ်အရွယ်ကစားသမားကို ချဲလ်ဆီးအနေနဲ့ ငွေကြေးအမြောက်အမြားအကုန်ကျခံပြီး ခေါ်ယူခဲ့ပေမယ့် ကစားသမားဟာ တိုက်စစ်မှူး လီယမ်ဒီလပ်နဲ့ နေရာအတွက်ယှဉ်ပြိုင်သွားရဖွယ်ရှိနေပါတယ်။ ပီဒရိုဟာ ဘရိုက်တန်နဲ့ ဝက်ဖို့ဒ်တို့မှာ ကစားခဲ့တာကြောင့် ပရီးမီးယားလိဂ်အကြောင်းကို ကောင်းကောင်းသိနေသူဖြစ်ပြီး စုစုပေါင်း ၅၈ ပွဲကစားထားရာမှာ ၁၉ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး မာရက်စ်ကာက "သူက ဘယ်လောက်ကောင်းတဲ့ကစားသမားလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ သူ့ကိုခေါ်ယူခဲ့တဲ့ အသင်းရဲ့တိုက်စစ်ပိုင်းလိုအပ်ချက်ကြောင့်ပါ။ ဒီရာသီမှာကျွန်တော်တို့ ခံစစ်ပိတ်ကစားတဲ့အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တိုက်စစ်ကလိုအပ်ချက်တွေရှိခဲ့ပါတယ်။ ဒီအတွက်ပြဿနာကို ပီဒရိုက ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ သူကဘရာဇီးသားတစ်ယောက်ပါ။ ရော်ဘတ်တိုဒီဇာဘီနဲ့လည်း အလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ သူ့ကို ကျွန်တော်တို့ခေါ်ယူခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ လက်ရှိချဲလ်ဆီးတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ခရစ္စတိုဖာအန်ကွန်ကူကတော့ အသင်းနဲ့လမ်းခွဲရဖို့ အလားအလာများနေတယ်လို့သိရပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ချဲလ်ဆီးမှာ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ထိရောက်တဲ့အကူအညီလည်းမပေးနိုင်ခဲ့ပါဘူး။ အန်ကွန်ကူကို အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ်တို့ကစိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး လိုက်ပ်ဇစ်ကြယ်ပွင့်ဟောင်းအနေနဲ့ ဘယ်အသင်းကိုရွေးချယ်သွားမလဲ စောင့်ကြည့်ရပါမယ်။