The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးပြီးနောက် အမ်ဘာပေကို အသင်းမှာရှိစေချင်တယ်လို့ပြောကြားလာတဲ့ အင်းနရစ်

တနင်္ဂနွေနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ အင်တာမီလန်ကို ၅-၀ နဲ့ဂိုးပြတ်အနိုင်ရကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ကလပ်ကြယ်ပွင့်ဟောင်း ခီလီယန်အမ်ဘာပေကို အသင်းနဲ့အတူရှိစေချင်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီကမှ ကစားသမားဘဝအောင်မြင်မှုကိုရှာဖွေဖို့ ပီအက်စ်ဂျီမှထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ခဲ့ပေမယ့် အသင်းသစ်မှာ ဆုဖလားလက်မဲ့ရာသီနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ပြင်သစ်သားဟာ ပီအက်စ်ဂျီမှာ ၇ နှစ်ကြာနေထိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဆုဖလားအောင်မြင်မှု ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိဘဲ သူမရှိမှသာ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဖလား ရရှိခဲ့တာဖြစ်ပါတယ်။ 

ပွဲစဉ်အပြီးမှာ အမ်ဘာပေက အသင်းဟောင်းပီအက်စ်ဂျီထံ အောင်မြင်မှုအတွက် ဂုဏ်ပြုကြောင်း မက်ဆေ့ပေးပို့ခဲ့သလို၊ အင်းနရစ်ကလည်း ယခုအခါမှာ ကစားသမားကို အသင်းမှာရှိစေချင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ စပိန်သားနည်းပြက "အမ်ဘာပေကို ကျွန်တော်တို့နဲ့အတူ ရှိစေချပါတယ်။ ဒါပေမယ့် သူကတော့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့အသင်းကနေထွက်ခွာခဲ့ပြီး ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။ နည်းပြတစ်ယောက်အနေနဲ့ ဖြစ်နိုင်ချေရှိတဲ့အရာတွေလုပ်ဆောင်ဖို့ ကစားသမားတွေရဲ့ယုံကြည်မှုကို တည်ဆောက်ရပါတယ်"

"ကျွန်တော်တို့မှာ အသင်းအတွက်ပေးဆပ်ချင်တဲ့ကြယ်ပွင့်ကစားသမားတွေပိုင်ဆိုင်ထားတာကြောင့် အခုလို အောင်မြင်မှုရခဲ့တာပါ။ အခုချိန်မှာတော့ ကလပ်ကမ္ဘာ့ဖလားကို အာရုံစိုက်သွားမှာဖြစ်ပြီး သန်မာတဲ့အသင်းတစ်သင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အင်းနရစ်က အသင်းရဲ့တောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ယခုနှစ် ဘောလွန်းဒီအော်ဆုနဲ့ ထိုက်တန်ကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။ အင်းနရစ်က "ကျွန်တော်ကတော့ ဒီပွဲမှာ အသင်းရဲ့ခံစစ်ကို အများကြီးအကူအညီပေးခဲ့တဲ့ ဒမ်ဘီလီကို ဘောလွန်းဒီအော်ဆုပေးချင်ပါတယ်။ သူက အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘောလွန်းဒီအော်နဲ့ထိုက်တန်တယ်ဆိုတာ သံသယမရှိပါဘူး။ သူ့ရဲ့သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေကြောင့်မဟုတ်ဘဲ ဒီပွဲမှာကစားခဲ့တဲ သူ့ရဲ့ခံစစ်ကစားပုံနဲ့တင် သူက ဒီဆုနဲ့ ထိုက်တန်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ်အတွက်ဘောလွန်းဒီအော်ဆုကို ဘယ်ကစားသမားကဆွတ်ခူးမယ်ဆိုတာ အခုချိန်အထိ တိတိကျကျသိရှိရခြင်းမရှိသေးဘဲ ဘာစီလိုနာကစားသမားတွေဖြစ်တဲ့ လာမိုင်းယာမယ်လ်၊ ရာဖင်ဟာနဲ့ ပီဒရီတို့ကလည်း ဒမ်ဘီလီနဲ့အပြိုင် ရေပန်းစားနေတာဖြစ်ပါတယ်။