
၁၀၀% စွမ်းဆောင်ရည်ပြန်ရဖို့ ဘယ်လောက်အချိန်ယူရမလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်တဲ့ နေမာ
ဆန်းတို့စ်အသင်းစတား နေမာက သူ့အနေနဲ့ ၁၀၀% စွမ်းဆောင်ရည်ပြန်ရဖို့ ဘယ်လောက်အချိန်ယူရမလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နေမာဟာ ၂၀၂၃ တုန်းက ဆော်ဒီလိဂ်ကိုပြောင်းရွှေ့ခဲ့ပေမယ့် ထင်မှတ်ထားသလိုမဖြစ်လာခဲ့ပဲ ဒူးအရွတ်ကြောဒဏ်ရာနဲ့သာ ရုန်းကန်ခဲ့ရပါတယ်။ အဲ့နောက် အဆိုပါဒဏ်ရာကနေ ပြန်လည်သက်လာဖို့ လုပ်ဆောင်ခဲ့ပေမယ့် နောက်ထပ် ကြွက်သားဒဏ်ရာထပ်မံရရှိခဲ့ပါတယ်။
ဒဏ်ရာပြဿနာတွေကြောင့် နေမာတစ်ယောက် ဆော်ဒီလိဂ်ကနေ အလွတ်ထွက်ခွာခဲ့ပြီး အသင်းဟောင်း ဆန်းတို့စ်ထံ ပြန်လာခဲ့ပါတယ်။ အသက် ၃၃ နှစ်သားဟာ ဆန်းတို့စ်အသင်းအတွက် ၃ ပွဲပါဝင်ကစားခဲ့ပေမယ့် သူပါဝင်တဲ့ ၃ ပွဲမှာ ၂ ပွဲသရေ ၁ပွဲအရေးနိမ့်ထားခဲ့ပါတယ်။ နောက်ဆုံးပွဲဖြစ်တဲ့ ကိုရင်သီယန်အသင်းနဲ့ပွဲမှာ ဆန်းတို့စ်အသင်းက အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီစတားဟောင်းက သူ့အနေနဲ့ အကောင်းဆုံးပုံစံပြန်လည်ရရှိဖို့ လုပ်ဆောင်နေဆဲလို့ ပြောကြားလိုက်ပါတယ်။
“ရုပ်ပိုင်းဆိုင်ရာအရ ကျွန်တော် ပိုကောင်းလာပါတယ်။ ဒီနေ့မှာ ကျွန်တော် နောက်ဆုံးပွဲကထက် ပိုကောင်းလာတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် နည်းနည်းချင်း လုပ်ဆောင်နေပါတယ်။ လာမယ့် ၂ ပွဲ ၃ ပွဲလောက်ဆိုရင် ကျွန်တော် ၁၀၀% ဖြစ်လာနိုင်ပါတယ်"”လို့ နေမာက ပြောကြားခဲ့ပါတယ်။ နေမာဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ကြံ့ခိုင်မှု နဲ့ ပုံစံကောင်းပြန်ရဖို့ ပြင်ဆင်နေပြီး အသင်းကိုကူညီပေးချင်နေပါတယ်။ ဆန်းတို့စ်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းပြသနိုင်မယ်ဆိုရင် စာချုပ်ပြည့်ချိန်မှာ နေမာအနေနဲ့ မက်ဆီရှိတဲ့ အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့နိုင်ချေရှိနေတာဖြစ်ပါတယ်။