အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအပေါ် မိုဆာလက် အပြည့်အဝအာရုံစိုက်ထားလိမ့်မယ်လို့ ယုံကြည်နေတဲ့ အီဂျစ်နည်းပြ
မိုဆာလက်အနေဖြင့် လီဗာပူးမှာကြုံတွေ့နေရတဲ့ သူ့ရဲ့ပင်ပန်းဆင်းရဲမှုတွေကို ဘေးဖယ်ထားပြီး အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွင်း လက်ရွေးစင်အသင်းနဲ့အတူ အောင်မြင်မှုရရှိဖို့ အာရုံစိုက်နေတယ်လို့ အီဂျစ်လက်ရွေးစင်အသင်းနည်းပြဟော့ဆန်ဟတ်ဆန်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
အီဂျစ်သူရဲကောင်းရဲ့ ပေါက်ကွဲသံစဉ်အင်တာဗျူးအပြီး ပရီးမီးယားလိဂ်ချန်ပီယံအသင်းလူစာရင်းမှ ချန်လှပ်ခံရပြီးနောက် မော်ရိုကိုနိုင်ငံမှာကျင်းပမယ့်ပြိုင်ပွဲကြီးရှိနေပေမယ့် နောက်ပိုင်းကာလ၊ သူ့ရဲ့မှတ်ချက်တွေနဲ့ အသင်းဖော်တွေဆီ တောင်းပန်ခဲ့မှုတွေကြောင့် မိုဆာလက်ရဲ့ခြေစွမ်းအပေါ် သက်ရောက်မှုမရှိစေနိုင်ဘူးလို့ ဟတ်ဆန်က တနင်္လာနေ့၊ ဇင်ဘာဘွေနဲ့ရင်ဆိုင်ရမယ့် အုပ်စု(B)အဖွင့်ပွဲစဉ် မတိုင်ခင် ပြောကြားခဲ့ပါတယ်။
အီဂျစ်အသင်းနည်းပြက “ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ အခုမှစတင်ကစားရသလို မိုဆာလက်ရဲ့ လေ့ကျင့်ရေးကွင်းစိတ်ဓါတ်ပိုင်းဟာ အရမ်းမြင့်မားနေပါတယ်။ လက်ရွေးစင်အသင်းနဲ့အတူ သူ့အတွက် ကောင်းမွန်တဲ့ပြိုင်ပွဲတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်”လို့ ပြောပါတယ်။
အခုပြိုင်ပွဲက ကလပ်အသင်းအဆင့်မှာ အထင်ကြီးလောက်စရာ အောင်မြင်မှုများစွာရယူထားတဲ့ အသက်-၃၃ နှစ်အရွယ်မိုဆာလက်အတွက် လက်ရွေးစင်အသင်းနဲ့အတူ အောင်မြင်မှုအခန်းကဏ္ဍဖွင့်လှစ်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်လာနိုင်ပါတယ်။ ဟတ်ဆန်က “ မိုဆာလက်ဟာ အခုပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားတွေအနက် တစ်ဦးဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးအဖြစ်၊ ကမ္ဘာ့ဘောလုံးလောကရဲ့ အိုင်ကွန်တစ်ဦးအဖြစ် ကျန်ရှိနေပါလိမ့်မယ်။
အာဖရိကနိုင်ငံများဖလားကို အနိုင်ယူဖို့ မိုဆာလက်အတွက် မဖြစ်မနေလိုအပ်နေတယ်ဆိုတာ ကျွန်တော်တို့ မမေ့ထားနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်က သူ့ကို စိတ်ပိုင်းဆိုင်ရာအရရော၊ နည်းစနစ်ပိုင်းအရပါ အားပေးနေပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး ဟတ်ဆန်က လတ်တလောအငြင်းပွားစရာဖြစ်ရပ်တွေနဲ့ပြည့်နှက်နေခဲ့တဲ့ ကာလတလျှောက်လုံး သူ့ရဲ့အသင်းခေါင်းဆောင်နဲ့ အဆက်အသွယ်မပြတ် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
ဟတ်ဆန်က “ ကစားသမားတစ်ဦးအတွက် ကလပ်အသင်းနည်းပြဖြစ်သူနဲ့မတူညီတဲ့ ယူဆချက်တစ်ခု ရှိနိုင်လို့ ကျွန်တော်ကတော့ ဒါကို အကျပ်အတည်းကာလတစ်ခုလို့ မခေါ်ဆိုချင်ပါဘူး။ ဒီကာလတလျှောက်လုံး မိုဆာလက်နဲ့ ကျွန်တော် အဆက်အသွယ်မပြတ်ရှိနေခဲ့ပါတယ်”လို့ ပြောပါတယ်။ မိုဆာလက်က နိုဝင်ဘာလဆန်းပိုင်း၊ အက်စတွန်ဗီလာကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်နောက်ပိုင်း သွင်းဂိုးမရရှိတော့ပါဘူး။ ဒီကာလနောက်ပိုင်းပွဲစဉ်တွေထဲမှာ ဥဇဘက်ကစ္စတန်နဲ့ကစားခဲ့တဲ့ အီဂျစ်ရဲ့နိုဝင်ဘာလခြေစမ်းပွဲစဉ်လည်း ပါဝင်ပါတယ်။
ဟတ်ဆန်က “ လီဗာပူးမှာ မိုဆာလက်ဂိုးမသွင်းယူနိုင်တဲ့ အခိုက်အတန့်တစ်ခုကို ဖြတ်သန်းခဲ့ချိန်မှာလည်း အလားတူအခြေအနေမျိုးကို ရင်ဆိုင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ သူက နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ မှန်ကန်တဲ့လမ်းကြောင်းဆီ ပြန်ရောက်လာခဲ့ပြီး ရလဒ်အနေနဲ့ အရင်ထက်ပိုကောင်းတဲ့အဆင့်ဆီ ရောက်ရှိသွားပါတယ်။ သူ့ရဲ့အသင်းဖော်တွေနဲ့အတူ တကယ်ကောင်းမွန်တဲ့ပြိုင်ပွဲတစ်ခုဆီ ပို့ဆောင်ပေးသွားမယ်လို့ ယုံကြည်မိပါတယ်”လို့ ဆက်ပြောပါတယ်။
မိုဆာလက်က ၂၀၁၇ ခုနှစ်၊ ၂၀၂၁ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွေမှာ ဒုတိယဆုနှစ်ကြိမ် ရရှိခဲ့ပါတယ်။ အီဂျစ်လက်ရွေးစင်အသင်းကိုယ်တိုင်လည်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ခုနစ်ကြိမ်တိုင် စံချိန်တင်ချန်ပီယံဖြစ်ခဲ့ဖူးပေမယ့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဆုဖလားအောင်ပွဲနဲ့ ဝေးကွာခဲ့ပါတယ်။