The network connection is lost.

Banner Image

မန်စီးတီးအသင်းပိုင်ရှင်နဲ့ပတ်သက်ပြီး သူ့အမြင်ကို ထုတ်ဖော်ပြောကြားလာတဲ့ ဒေါ်နယ်ထရန့်ပ်

ဂါဇာငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ်က မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်စော်နဲ့ပတ်သက်ပြီး သူ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘီလျံနာ ရှိတ်မန်စော်ဟာ ယူအေအီးနိုင်ငံရဲ့လက်ထောက်အတွင်းဝန်ရာထူးကို တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး အီဂျစ်သမ္မတနဲ့အတူ အဆိုပါငြိမ်းချမ်းရေးပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေဟာ အဆိုပါငြိမ်းချမ်းရေးပွဲမှာ အစ္စရေး နဲ့ ဟားမက်စ်တို့ကြား ရေရှည်ငြိမ်းချမ်းရေးဘယ်လိုတည်ဆောက်မလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ အဲ့နောက် ထရန့်ပ်က ရှိတ်မန်စော်နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့သလို “များပြားတဲ့ငွေကြေးတွေနဲ့အတူ သူကလူကောင်းတစ်ဦးလည်းဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ရှိတ်မန်စော်ဟာ မန်စီးတီးအသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်လာအောင် ပုံစံပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဘူဒါဘီအုပ်စုနဲ့အတူ ရှိတ်ဟာ ယူအေအီးရဲ့ဘဏ်လုပ်ငန်းတွေအပြင် စွမ်းအင် ၊ ငွေကြေး နဲ့ အားကစားတွေကို တာဝန်ယူနေပါတယ်။

ရှိတ်မန်စော်ဟာ စီးတီးအသင်းကို ပေါင်သန်း ၂၁၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး သူ့လက်အောက်မှာ စီးတီးဟာ ပရီးမီးယားလိဂ်ဖလား ၈ ကြိမ် ၊ ၂၀၂၃ တုန်းက ချန်ပီယံလိဂ်ဖလား ၊ အက်ဖ်အေဖလား ၃ ကြိမ် ၊ လိဂ်ဖလား ၆ ကြိမ်တို့ရယူနိုင်ခဲ့ပါတယ်။ ကိုင်ရိုမှာ တာဝန်ယူထားပေမယ့်လည်း ရှိတ်ဟာ စီးတီးအသင်းအိမ်ကွင်း အီတီဟက်ကို ပေါင်သန်း ၃၀၀ အကုန်အကျခံကာ အဆင့်မြှင့်တင်ဖို့ လုပ်ဆောင်နေပြီး မန်ချက်စတာကောင်စီရဲ့သဘောတူညီမှုလည်းရရှိထားပြီးဖြစ်ပါတယ်။

စီးတီးအနေနဲ့ အခုလိုလုပ်ဆောင်နေပေမယ့်လည်း အခြားတစ်ဖက်မှာ ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျည်း ၁၁၅ ချက်ချိုးဖောက်မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။ အဆိုပါစွဲချက်တွေနဲ့ပတ်သက်ပြီး စီးတီးတာဝန်ရှိသူတွေကတော့ သူတို့အနေနဲ့ ဘာအမှားမှမလုပ်ထားဘူးလို့ အခိုင်အမာပြောကြားထားခဲ့ပါတယ်။
တရားရင်ဆိုင်နေရတာအပြင် လက်ရှိရာသီသစ်မှာ စီးတီး ခက်ခဲတဲ့စတင်မှုတွေနဲ့ရင်ဆိုင်နေရပြီး တော့တင်ဟမ် နဲ့ ဘရိုက်တန်တို့ကို ၂ ပွဲဆက်အရေးနိမ့်ထားခဲ့ကာ အခုလက်ရှိအချိန်မှာတော့ ပြိုင်ပွဲစုံ ၇ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။

လာမယ့်အောက်တိုဘာ ၁၈ ရက်နေ့မှာ စီးတီးဟာ အဲဗာတန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် အောက်တိုဘာ ၂၁ ရက်နေ့မှာ ဗီလာရီးရဲလ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။