The network connection is lost.

Banner Image

လာလီဂါရဲ့အကောင်းဆုံးအသင်းကို နာမည်တပ်ပြောပြလိုက်တဲ့ ဒီယေဂိုဆီမြွန်နီ

ဒီနေ့မနက်ပိုင်း၊ မြို့ခံပြိုင်ဘက်ရီးရဲလ်မက်ဒရစ်နဲ့သရေကျခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂိုဆီမြွန်နီက လာလီဂါရဲ့အကောင်းဆုံးအသင်းအဖြစ် ဘာစီလိုနာကိုဘာကြောင့်သတ်မှတ်နိုင်သလဲဆိုတာ ရှင်းပြသွားခဲ့ပါတယ်။ ဆမ်မြူရယ်လီနိုအပေါ် ချူအာမန်နီရဲ့ဖြတ်ထုတ်မှုကို VAR မှ ပယ်နယ်တီအဖြစ် သတ်မှတ်ပြီးနောက် ပွဲချိန် ၃၅ မိနစ်မှာ အယ်လ်ဗာရက်ဇ်က ဧည့်သည်အက်သလက်တီကိုမက်ဒရစ်အတွက် ဘာနေဗျူးကွင်းအတွင်း ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ အမ်ဘာပေက အိမ်ရှင်တွေအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့အတူ ရီးရဲလ်မက်ဒရစ်က မြို့ခံပြိုင်ဘက်ထက် တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ မက်ဒရစ်ဒါဘီပွဲစဉ်အပြီး ဆီမြွန်နီက “လာလီဂါမှာ အကောင်းဆုံးအသင်းက ဘာစီလိုနာပဲလို့ ကျွန်တော် အခိုင်အမာပြောကြားချင်ပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက အရမ်းကောင်းသလို သူတို့ရဲ့ကစားသမားတွေကြားမှာလည်း မယုံကြည်နိုင်လောက်စရာကောင်းအောင် အရှိန်ရနေကာ အသင်းလိုက်ကစားပုံလည်း အရမ်းကောင်းပါတယ်။ မနက်ဖြန်မှာ သူတို့တွေ နိုင်ပွဲရမလား စောင့်ကြည့်သွားကြတာပေါ့။ သတင်းစာဆရာတွေလည်း အခုလိုကျပ်တည်းကျဉ်းမြောင်းလှတဲ့ချန်ပီယံပြေးလမ်းကို မြင်တွေ့ရတာ ပျော်စရာကောင်းပါလိမ့်မယ်”လို့ ပြောပါတယ်။

မက်ဒရစ်ဒါဘီပွဲစဉ်အတွင်း သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ဆီမြွန်နီက “ ပထမပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့အသင်း အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ရရှိလာတဲ့အခွင့်အရေးတွေကို အသုံးချဖို့တော့ ကျွန်တော်တို့တွေ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒီအပိုင်းကိုတော့ ကျွန်တော်တို့တွေ ပိုကောင်းအောင် လုပ်သွားရပါမယ်။

ဒုတိယပိုင်းပွဲချိန်မှာတော့ သူတို့လည်း ချေပဂိုးစောစောစီးစီးရရှိခဲ့ပြီး ပြင်းပြင်းထန်ထန်ကစားသွားခဲ့ပါတယ်။  ပွဲချိန်မိနစ် ၂၀ နောက်ပိုင်းမှာ ကျွန်တော်တို့အသင်း အခွင့်အရေးကောင်းတွေ အများကြီးရရှိခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်၊ လော်ရန်တေးတို့ ရရှိခဲ့တာပေါ့။ အဆုံးမှာတော့ နှစ်သင်းလုံးက အခုထက်ပိုပြီး ရရှိခဲ့သင့်တယ်ဆိုတဲ့ ခံစားချက်တွေနဲ့ သရေပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်”လို့ ပြောပါတယ်။

အခုဒါဘီပွဲစဉ်အပြီး အမှတ်လျှော့ခဲ့တယ်လို့ ခံစားမိသလားဆိုတဲ့မေးခွန်းကို ဆီမြွန်နီက “လူတိုင်းရဲ့ထင်မြင်ချက်ကို ကျွန်တော်လေးစားပါတယ်။ ကျွန်တော်မှာလည်း ကိုယ်ပိုင်ထင်မြင်ယူဆချက် ရှိပါတယ်။ ကျွန်တော်တို့လည်း ပြီးခဲ့တဲ့ပွဲစဉ်တွေမှာလို အခွင့်အရေးတွေကို ရှင်းရှင်းလင်းလင်းအသုံးချနိုင်ခဲ့သင့်တယ်။ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ပွဲစဉ်က လုံးဝခြားနားသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ဖိအားပေးလာခဲ့ပါတယ်။ သူတို့တွေ ချေပဂိုးလည်း ရရှိခဲ့သလို သူတို့အသင်းရဲ့ကန်သွင်းမှုတချို့လည်း တိုင်ထိသွားခဲ့ပါတယ်။ အဆုံးမှာတော့ အခုလိုရလဒ်မျိုး ထွက်ပေါ်ခဲ့တာပေါ့။

ကျွန်တော်တို့အသင်း အခွင့်အရေးတွေရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ ပြောချင်တာက ကျွန်တော်တို့အတွက် သရေရလဒ် လိုအပ်ခဲ့တယ်ဆိုတာပါပဲ။ အခြားပွဲစဉ်တွေလိုပဲ ဒီပွဲစဉ်ကို အနိုင်ရရှိနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော်တို့မှာ ရှိနေခဲ့တယ်ဆိုတာ ထင်ရှားပါတယ်” လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။