အမ်ဘာပေကို ပွဲကစားချိန်မပေးဖို့ ဆုံးဖြတ်ချက်က ဆီလျော်မှုရှိပါတယ်လို့ ထုတ်ပြောလာတဲ့ ဒက်စ်ချမ့်စ်
ဒီနေ့မနက်ပိုင်း၊ နယ်သာလန်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စုပွဲစဉ်အတွက် နှာခေါင်းအရိုးကျိုးဒဏ်ရာ ရရှိထားသူ အမ်ဘာပေကို ပွဲကစားခွင့်ပေးဖို့ဆိုတာ စွန့်စားလွန်းရာရောက်ပါတယ်လို့ ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်စ်က ပြောဆိုလိုက်ပါတယ်။
အခုပွဲစဉ်မှာ အမ်ဘာပေက အသင်းအရန်ခုံတန်းမှာသာ ရှိနေခဲ့ပြီး အသင်းဖော်တွေရဲ့ အပိုင်အခွင့်အရေးဖြုန်းတီးမှုတွေကို ထိုင်ကြည့်နေခဲ့ရပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အမ်ဘာပေရဲ့အသင်းက အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင် နောက်ဆုံး ၁၆-သင်းရှုံးထွက်အဆင့် တက်ရောက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။
ဒက်စ်ချမ့်စ်ကတော့ အမ်ဘာပေနဲ့ပတ်သက်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ ရှုံးထွက်အဆင့်ပွဲစဉ်တစ်ခုအတွက်ဆိုရင် ကွဲပြားကောင်းကွဲပြားသွားနိုင်တယ်လို့ ဝန်ခံလိုက်ပေမယ့် ပိုလန်နဲ့ကစားရမယ့် အင်္ဂါနေ့၊ အုပ်စုအပိတ်ပွဲစဉ်အတွက် အမ်ဘာပေပြန်လာနိုင်ဖို့ မျှော်လင့်မိနေတယ်လို့ ဆိုလိုက်ပါတယ်။
ဒက်စ်ချမ့်စ်က “ အမ်ဘာပေရဲ့အခြေအနေဟာ တနေ့ထက်တနေ့ ပိုကောင်းလာခဲ့ပြီး ဒီညပွဲစဉ်သာ အဆုံးအဖြတ်ပွဲစဉ်တစ်ခုဖြစ်ခဲ့မယ်ဆိုရင် အမ်ဘာပေကို ပွဲကစားခွင့်ပေးလိုက်ဖို့ ကျွန်တော် နှစ်ခါပြန်တောင် စဉ်းစားနေမှာ မဟုတ်ပါဘူး။ သူ့အတွက် ပိုကောင်းစေမယ့် အချက်တစ်ခုလည်း ကျွန်တော်တို့မှာ ရှိနေပါပြီ။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ကျွန်တော်ကတော့ သူ့ကို အရန်ခုံတန်းမှာပဲထားဖို့ဆိုတဲ့ ကြောင်းကျိုးဆီလျော်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့တယ်လို့ ယူဆထားခဲ့ပါတယ်”လို့ ပြောပါတယ်။
နယ်သာလန်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အခွင့်အရေးကောင်းတွေကို ဖြုန်းတီးပစ်ခဲ့ပြီးနောက် အခုနွေရာသီ၊ ဂျာမန် မြေပြိုင်ပွဲကြီးမှာ နှစ်ပွဲကစားပြီးချိန် ပြင်သစ်အသင်းက တစ်ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေက အုပ်စုအဖွင့်ပွဲစဉ်နှစ်ခုမှ လေးမှတ်အထိစုဆောင်းထားနိုင်လို့ ရှုံးထွက်အဆင့် တက်ရောက်နိုင်ရန် မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒက်စ်ချမ့်စ်ကတော့ အခွင့်အရေးကောင်းတွေကို ဖြုန်းတီးပစ်နေတဲ့ သူ့ရဲ့အသင်းနဲ့ပတ်သက်လို့ နောင်တရမိနေတယ်လို့ ဆိုလိုက်ပါတယ်။
“ကျွန်တော်ကိုယ်တိုင်လည်း အမြဲတမ်းလိုလို အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်အောင် ကြိုးစားပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းက တက်နိုင်သမျှ ဟန်ချက်အညီဆုံးအခြေအနေမှာ ရောက်ရှိနေခဲ့ပါတယ်။ ကျွန်တော့်မှာရှိနေတဲ့ တစ်ခုတည်းသော နောင်တကတော့ ကျွန်တော်တို့အသင်း လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ခြင်းဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သေချာပေါက်ဂိုးရရှိမယ့် အခွင့်အရေး ငါးကြိမ်၊ ခြောက်ကြိမ်လောက် ရရှိခဲ့ပါတယ်”လို့ ဒက်စ်ချမ့်စ်က ဆက်ပြောပါတယ်။
လိုက်ပ်ဇစ်ကွင်းမှာ ကစားတဲ့ ပွဲစဉ်ရဲ့ ပွဲချိန်နှောင်းပိုင်းမှာ နယ်သာလန်အသင်း အတွက် ဇာဗီဆိုင်မွန်စ် အဖွင့်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဒီသွင်းဂိုးကို အငြင်းပွားဖွယ် ပယ်ချသွားခဲ့ပါတယ်။ VAR ရဲ့ အချိန်အတော်ကြာကြာစစ်ဆေးမှုအပြီးမှာ ဆိုင်မွန်စ်ရဲ့ကန်ချက်ကို ပြင်သစ်ဂိုးသမားမိုင်ဂနန် ကာကွယ်နိုင်ဖို့အရေး ဒမ်ဖရီးစ်က လူကျွံအနေအထားဖြင့် အနှောင့်အယှက်ဖြစ်စေတယ်လို့ သုံးသပ်ပြီး ဒီသွင်းဂိုးကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒတ်ချ်အသင်းနည်းပြကိုးမန်းကတော့ ဇာဗီဆိုင်မွန်စ်ရဲ့သွင်းဂိုးကို ခွင့်ပြုပေးသင့်တယ်လို့ ပြောဆိုခဲ့ပေမယ့် ဒက်စ်ချမ့်စ်ကတော့ ဒီအဆိုအပေါ်မှာ သဘောမတူခဲ့ပါဘူး။
ပြင်သစ်လက်ရွေးစင်အသင်းနည်းပြက “ ဒီရုပ်သံပြကွက်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချမှတ်နိုင်မှာဖြစ်တာကြောင့် ဒီလောက်အထိ အချိန်ယူစဉ်းစားခဲ့ရမှုအပေါ် အတော်လေးအံ့သြမိခဲ့ပါတယ်” လို့ ဆိုပါတယ်။