The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီးနောက် ဘယ်အရာမှမတည်မြဲဘူးလို့ဆိုလာတဲ့ ဂွါဒီယိုလာ

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့အရေးနိမ့်ကာ နှစ်ကျော့ပေါင်းရလဒ် ၆-၃ နဲ့ ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးနောက် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဒီရာသီဟာ သူ့ရဲ့မန်စီးတီးနည်းပြဘဝ အဆိုးဝါးဆုံးရာသီဖြစ်ကြောင်းနဲ့ ဘယ်အရာမှမတည်မြဲကြောင်း ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက်ဂိုးတွေကို တိုက်စစ်မှူး ခီလီယန်အမ်ဘာပေက တစ်ယောက်တည်းသွင်းယူပေးခဲ့ပြီး ဟက်ထရစ်နဲ့အတူ အသင်းကို နောက်တစ်ဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခွာခဲ့ရခြင်းမှာ ယခုတစ်ခေါက်အပါအဝင်ဆိုရင် ၄ နှစ်အတွင်း ၃ ကြိမ်မြောက်ဖြစ်ပါတယ်။ 

သို့သော်လည်း အဆိုပါမှတ်တမ်းထက် ပိုမိုဆိုးဝါးတဲ့မှတ်တမ်းတစ်ခုမှာ မန်စီးတီးဟာ ဂွါဒီယိုလာရောက်ရှိလာခဲ့တဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်ရောက်ဖို့ လွဲချော်ခဲ့တာလည်းဖြစ်ပါတယ်။ ပွဲအပြီးမှာ ဂွါဒီယိုလာက "ပိုကောင်းတဲ့အသင်းက အနိုင်ရသွားတာပါပဲ။ ဒီရာသီက ကျွန်တော်တို့အတွက် ဆိုးဝါးတဲ့ရာသီတစ်ခုပါ။ အုပ်စုမှာကတည်းက အဆင့် ၂၂ နေရာမှာရပ်တည်ခဲ့ရပါတယ်။

 အဲဒီအချိန်မှာကတည်းက ကျွန်တော်တို့က လမ်းကြောင်းမှန်ပေါ်မှာမရှိဘူးဆိုတာ သိသာခဲ့ပါတယ်။ ကျွန်တော်တို့အတွက်အဆိုးဝါးဆုံး နှစ်တစ်နှစ်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ ယခုရာသီမှာ မန်စီးတီးအနေနဲ့ ရုန်းကန်နေရခြင်းမှာ ဒဏ်ရာပြဿနာတွေကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ယခု ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ တိုက်စစ်မှူး အာလင်းဟာလန်းက ဒူးဒဏ်ရာကြောင့် အရန်ခုံမှာပဲ ထိုင်နေခဲ့ရသလို၊ နောက်ခံလူ ဂျွန်စတုန်းစ်ကလည်း ဒဏ်ရာကြောင့် ပွဲအစ ၁၀ မိနစ်မှာပဲ လူစားလဲခံခဲ့ရဖြစ်ပါတယ်။ 

သို့သော်လည်း မန်စီးတီးအနေနဲ့ ဒဏ်ရာပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ ပေါင်သန်း ၁၇၀ အထိအသုံးပြုပြီး ဇန်နဝါရီမှာ မာမွတ်ရှ်၊ ဂွန်ဇာလက်ဇ်၊ ခူဆာနော့နဲ့ ဗစ်တာရီးစ်တို့ကို ခေါ်ယူအင်အားဖြည့်တင်းထားခဲ့ပါတယ်။ ဆက်လက်ပြီး ဂွါဒီယိုလာက "ဒါကသာမန်ပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ အခု အသင်းထဲမှာ ခေတ်တစ်ခေတ်ကိုထူထောင်နိုင်ခဲ့တဲ့ ကစားသမားတွေလည်းရှိနေတုန်းပါ။ ဒီကစားသမားတွေ ဘာတွေလုပ်ပြထားနိုင်ခဲ့သလဲဆိုတာ ကျွန်တော်တို့ မေ့ထားလို့မရပါဘူး။ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ ၇ နှစ်အတွင်း ဆုဖလား ၆ ကြိမ်အထိဆွတ်ခူးထားခဲ့ပါတယ်။ ပြီးတော့ ဥရောပမှာလည်း ကျွန်တော်တို့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေအထိ တက်ရောက်ထားနိုင်ခဲ့ပြီ။ ဒါတွေက သမိုင်းမှာကျန်ရစ်ခဲ့မယ့် အချက်အလက်တွေပါပဲ" လို့ပြောကြားခဲ့ပါတယ်။