
နှလုံးပြဿနာကြောင့် ဆေးရုံမှာ ကုသမှုခံယူခဲ့ရတဲ့ အာဆင်နယ်ပရိသတ်တွေရဲ့အချစ်တော် ရိုဆစ်စကီး
အာဆင်နယ်စတားဟောင်း ရိုဆစ်စကီးတစ်ယောက် နှလုံးပြဿနာကြောင့် ဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ ပရာဟာအသင်းဘက်က သူတို့ရဲ့အားကစားဒါရိုက်တာအခြေအနေကို အတည်ပြုခဲ့ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုလိုက်ပါတယ်။
အခြေအနေက အနည်းငယ်ဆိုးဝါးခဲ့ပေမယ့် ရိုဆစ်စကီးအနေနဲ့ ခွဲစိတ်မှုတော့ မလိုအပ်ဘူးလို့ သိရပါတယ်။ ချက်စတားဟောင်းဟာ လက်ရှိမှာ အိမ်ကိုပြန်ရောက်နေပြီး ပရာဟာအသင်းဘက်ကတော့ သူတို့အားကစားဒါရိုက်တာကို အနားပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
“ကစားသမားတစ်ဦးအနေနဲ့ကော အားကစားဒါရိုက်တာတစ်ဦးအနေနဲ့ကော ကျွန်တော်အရာအားလုံးပေးဆပ်ပါတယ်။ အားစိုက်ထုတ်မှုအပြည့်နဲ့ တွေဝေခြင်းမရှိပဲ လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် ဒီအခြေအနေမှာ ကျွန်တော့်ကိုယ်ကျွန်တော် သေချာလေးဂရုစိုက်ဖို့ လိုအပ်ပြီဆိုတာကို ပြသနေပါတယ်။ ဆိုးဝါးတဲ့နေထိုင်မှုပုံစံ ၊ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု ၊ မိသားအခြေအနေတွေကြောင့် အခုလိုမျိုးဖြစ်လာခဲ့တာပါ။
သတင်းကောင်းကတော့ ကျွန်တော်ပြန်လည်အားပြည့်အောင်လုပ်ဆောင်ရပါမယ်။ လက်ရှိအချိန်မှာတော့ တာဝန်တွေထမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်တော့်သူငယ်ချင်းတွေ အသင်းဝန်ထမ်းတွေနဲ့တော့ ထိတွေ့နေမှာပါ။ ကျွန်တော်တို့မှာ ရှင်းလင်းတဲ့အမြင် နဲ့ နည်းစနစ် ၊ တည်ဆောက်မှုရှိနေပါတယ်။ ကျန်တဲ့သူတွေက သေချာလေးဂရုစိုက်နိုင်ပါလိမ့်မယ်”လို့ ရိုဆစ်စကီးက ပြောကြားခဲ့ပါတယ်။
အမှုဆောင် ကူးပါးကလည်း “တွမ် နဲ့ ကျွန်တော် လာမယ့်ရာသီသစ်အတွက် သေချာလေးအာရုံစိုက်နေပါတယ်။ ကျွန်တော်တို့ အတူတူလုပ်ဆောင်နေပါတယ်။ အဲ့ထဲမှာ နည်းပြသစ်အတွက် ညှိနှိုင်းတာအပြင် လူစာရင်းကိစ္စအတွက်လည်း ပါဝင်ပါတယ်။ သူ့မှာ ကျွန်တော်တို့အားလုံးရဲ့အားပေးမှုရှိပါတယ်။ ဆေးရုံတက်ခဲ့ရတဲ့အတွက် သူ့အစားဝမ်းနည်းမိပါတယ်။ သူအကောင်းဆုံးပြန်လာနိုင်ဖို့ ဆုတောင်းပေးပါတယ်။
တွမ်က အသင်းနဲ့ဆက်လက်ထိတွေ့နေမှာပါ။ ကျွန်တော်တို့လည်း အတူတူဆက်လက်လုပ်ဆောင်သွားမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။ ရိုဆစ်စကီးဟာ နိုင်ငံအသင်းအတွက် ၁၀၅ ပွဲမှာပါဝင်ကစားခဲ့ပြီး ကစားသမားဘဝကို ပရာဟာအသင်းမှာစတင်ပြီး ပရာဟာအသင်းမှာပဲ အဆုံးသတ်ခဲ့ပါတယ်။ အာဆင်နယ်ကို မပြောင်းခင်မှာ ဒေါ့မွန်အသင်းကိုပြောင်းရွှေ့ခဲ့ပြီး လန်ဒန်မြေမှာ ၁၀ နှစ်တာဖြတ်သန်းခဲ့ကာ အက်ဖ်အေဖလား နဲ့ ကွန်မြူနတီဖလားတွေရယူနိုင်ခဲ့ပါတယ်။