The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ဆုအတွက် စိတ်ကြိုက်ကစားသမားကို အမည်တပ်ရွေးချယ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင် ဂါရတ်ဘေးလ်

ရီးရဲလ်မက်ဒရစ်ဂန္တဝင်ဂါရတ်ဘေးလ်က ဘော်လွန်းဒီအော်ဆုအတွက် ဆွေးနွေးမှုမှာ ပါဝင်လာပြီး ဒီဆုအတွက် သူ့ရဲ့စိတ်ကြိုက်အဖြစ်ဆုံးကစားသမားကို ရွေးချယ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဂန္တဝင်ဂါရတ်ဘေးလ်က ပီအက်စ်ဂျီစူပါစတားဒမ်ဘီလီကို တစ်နည်းတစ်ဖုံအားဖြင့် ဆုရရှိရန် ရေပန်းအစားဆုံးကစားသမားလို့ သုံးသပ်ခဲ့ပါတယ်။ ဒမ်ဘီလီက ကောင်းမွန်တဲ့ဘောလုံးရာသီကို ဖြတ်သန်းနေပေမယ့် ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့တော့ လမိုင်းယာမယ်လ်၊ အမ်ဘာပေတို့ကို ကျော်ဖြတ်နိုင်ရန် လိုအပ်နေပါသေးတယ်။

ဒမ်ဘီလီက အခုရာသီ၊ ပြိုင်ပွဲစုံ ၅၃ ပွဲအထိ ပါဝင်ကစားကာ ၃၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၆ ကြိမ်ပြုလုပ်ရင်း ကစားသမားဘဝအကောင်းဆုံးဘောလုံးရာသီကို ဖြတ်သန်းနေပါတယ်။ နည်းပြလူးဝစ်အင်းနရစ်ရဲ့ နည်းဗျူဟာပိုင်းကျွမ်းကျင်မှုနဲ့အတူ Flase 9 Role မှာ အသုံးတော်ခံနေတဲ့ ဒမ်ဘီလီက ပီအက်စ်ဂျီအတွက် ပြည်တွင်းဆုဖလားသုံးလုံးအောင်မြင်မှုနဲ့အတူ အသင်းသမိုင်းတလျှောက်ပထမဆုံးချန်ပီယံလိဂ်ဆုဖလားကိုပါ ရရှိနိုင်ရေး ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် ပါရီသားတွေက ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ဆီလည်း တက်လှမ်းထားပြီး အနိုင်ရရှိဖို့ ရေပန်းစားနေပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၁၁ လတာကာလအတွင်း လမိုင်းယာမယ်လ်၊ အမ်ဘာပေတို့နဲ့ အပြင်းအထန်ပြိုင်ဆိုင်ခဲ့ရပေမယ့် ပြင်သစ်တိုက်စစ်မှူးကိုယ်တိုင်လည်း ဒီနှစ်ရဲ့ဘော်လွန်းဒီအော်ဆုကို ကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံးအဖြစ် ရှုမြင်ခံနေရပါတယ်။

ESPN သတင်းဌာနနဲ့တွေ့ဆုံချိန် ဂါရတ်ဘေးလ်က ၂၀၂၅ ခုနှစ်၊ ဘော်လွန်းဒီအော်ဆုရွေးချယ်မှုနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်တွေကို မျှဝေခဲ့ပါတယ်။ ဒီဆုအတွက် ဒမ်ဘီလီကို စိတ်ကြိုက်ဖြစ်ရဲ့လားလို့ မေးမြန်းချိန် ဝေးလ်အိုင်ကွန်က “ ဟုတ်ပါတယ်၊ ကျွန်တော့်လည်း အဲ့ဒီလိုမျိုးပဲ ယူဆမိပါတယ်။ ကျွန်တော့်အမြင်အရ ခင်ဗျားတို့ကိုယ်တိုင်လည်း အသင်းလိုက် ဘယ်ဆုဖလားတွေရရှိခဲ့သလဲဆိုတာကို ကြည့်ရှုကြလိမ့်မယ်လို့ ထင်ပါတယ်။

လူတိုင်းက တစ်ဦးချင်းထူးချွန်မှုအကြောင်း သိသာထင်ရှားစွာပြောနေကြပေမယ့် ဒီလိုဆုဖလားတွေ ဆွတ်ခူးနိုင်ရင်၊ ချန်ပီယံလိဂ်ဆုဖလားသိမ်းပိုက်နိုင်မယ်ဆိုရင်၊ ပြည်တွင်းဆုဖလားသုံးလုံးပါ ရရှိမယ်ဆိုရင်၊ ကလပ်ကမ္ဘာ့ဖလားချန်ပီယံပါ ဖြစ်လာဦးမယ်ဆိုရင် ဒမ်ဘီလီရရှိထားတဲ့ဘောလုံးရာသီကို တခြားသူတွေ လိုက်မီတာမြင်ရဖို့ အရမ်းခက်ခဲသွားပါမယ်။ ဒမ်ဘီလီက ဘောလုံးရာသီကောင်းကို အသင်းအတွက် ဆုဖလားတွေအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ကျွန်တော့်အမြင်အရ ဒမ်ဘီလီပဲ ရေပန်းအစားဆုံးကစားသမား ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

လာမယ့်တနင်္ဂနွေနေ့၊ နယူးယော့ခ်ရှိ MetLife Stadium အတွင်း ချဲလ်ဆီးနဲ့ရင်ဆိုင်ကစားချိန် ဒမ်ဘီလီမှာ အခုဘောလုံးရာသီ၊ ပီအက်စ်ဂျီအတွက် ပဉ္စမမြောက်ဆုဖလားကိုင်မြှောက်နိုင်အောင် ကူညီပေးနိုင်မယ့် အခွင့်အလမ်းတစ်ခုလည်း ရှိနေပါတယ်။