The network connection is lost.

Banner Image

အင်္ဂလန်လက်ရွေးစင်အသင်းဖော်သစ်နှစ်ဦးအတွက် ဂုဏ်ယူအားရကျေနပ်နေတဲ့ ဒီကလန်ရိုက်စ်

အင်္ဂလန်နဲ့ အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်က အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် နိုင်ငံ့လက်ရွေးစင်အသင်းမှာ ပါဝင်လာတဲ့ မိုင်နူးနဲ့ ဝါတန်တို့ကို ချီးကျူးစကားပြောဆိုလိုက်ပါတယ်။

ဒီကလန်ရိုက်စ်က ယူရို-၂၀၂၄ ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေတဲ့ အင်္ဂလန်အသင်းအတွက် အဓိကအစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်အဆင့်-၂နေရာဖြင့် ရာသီသိမ်းကာ ခက်ခဲတဲ့ဘောလုံးရာသီတစ်ခုအပြီး ဒီကလန်ရိုက်စ်က မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မိုင်နူးနဲ့အတူ ပိုကောင်းတဲ့ အောင်မြင်မှုတစ်ခုဆီ အရောက်သွားဖို့ မျှော်လင့်နေပါတယ်။

ယူနိုက်တက်လူငယ်လေး မိုင်နူးနဲ့ပတ်သက်လို့ ဒီကလန်ရိုက်စ်က “မန်ချက်စတာယူနိုက်တက်မှာ မိုင်နူး ဘာတွေလုပ်နိုင်သလဲဆိုတာနဲ့ ဘာတွေလုပ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သူက လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရရှိဖို့ ထိုက်တန်မှုအပြည့်အဝရှိပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် ဝါတန်နဲ့ပတ်သက်လို့ ဒီကလန်ရိုက်စ်က “ဝါတန်လည်း ထူးချွန်ပြောင်မြောက်လွန်းခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာဆိုရင် သူက ကစားသမားအများစုရဲ့ အထင်ကြီးမှုကို ရရှိခဲ့သလို ကစားကွက်ကို မောင်းနှင်နိုင်စွမ်းလည်း ရှိပါတယ်။ ဝါတန်မှာ သင်ယူချင်စိတ်ရှိပါတယ်။ ဝါတန်နဲ့ သူ့မိသားစုအတွက်တော့ တကယ့်ကို အခိုက်အတန့်ကောင်းတစ်ခု ဖြစ်ပါတယ်။ သူက ဒီနေရာကို အကြောင်းမဲ့သက်သက်ရယူနိုင်ခဲ့တာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ အနာဂတ်အတွက်လည်း သူ အဆင်သင့်ဖြစ်နေပါပြီ။ အင်္ဂလန်လက်ရွေးစင်အသင်းကွင်းလယ်ပိုင်းရဲ့အနာဂတ်ကတော့ တောက်ပနေပါတယ်”လို့ ဆိုပါတယ်။