The network connection is lost.

Banner Image

ပေါင်ခြံဒဏ်ရာကြောင့် ချဲလ်ဆီးရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ လွဲချော်ထားတဲ့ ပယ်လ်မာ

ချဲလ်ဆီးတိုက်စစ်ကြယ်ပွင့် ကိုးလ်ပယ်လ်မာဟာ ပေါင်ခြံဒဏ်ရာကြောင့် ပြီးခဲ့တဲ့စနေနေ့က ဝက်စ်ဟမ်းနဲ့ပွဲစဉ်ကို လွဲချော်ခဲ့သလို၊ ယခုအခါမှာလည်း ဒဏ်ရာမသက်သာသေးတာကြောင့် အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။ 

ပယ်လ်မာရဲ့ဒဏ်ရာပြဿနာဟာ ပြင်းထန်ပုံမရပေမယ့် ချဲလ်ဆီးဘက်ကတော့ ကြံ့ခိုင်မှုအပြည့်အဝပြန်လည်ရရှိဖို့နဲ့ စွန့်စားမှုမယူချင်တာကြောင့် ပွဲကစားခွင့်မပေးဘဲ ဝက်စ်ဟမ်းနဲ့ပွဲမှာ လူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ချဲလ်ဆီးဟာ ဖူလ်ဟမ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အင်္ဂလန်ကွင်းလယ်လူအနေနဲ့ ပြန်လည်ပါဝင်ကစားလာဖို့ရှိပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာဟာ ပယ်လ်မာကို တစ်ပတ်အနားယူခွင့်ပေးခဲ့ပြီး ကစားသမားဟာ တနင်္လာနေ့မှာ မိသားစုနဲ့အတူ နော်တင်ဟေးလ်ကာနီဗယ်လ်ကို သွားရောက်လည်ပတ်ခဲ့တယ်လို့သိရပါတယ်။ 

ပယ်လ်မာဟာ လက်ရှိကြုံတွေ့နေရတဲ့ ပေါင်ခြံဒဏ်ရာကို ရာသီအစမှာကတည်းက ရရှိထားခဲ့တာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ့်ကို ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာလည်း အဆိုပါဒဏ်ရာရရှိလျက်နဲ့ပဲ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဒဏ်ရာက ပိုမိုပြင်းထန်လာတာကြောင့် ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာတော့ လူစာရင်းကနေ ထုတ်ပယ်ခံရပြီး အနားယူခဲ့ရတာဖြစ်ပါတယ်။

လာမယ့်အပတ် ဖူလ်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာတော့ နိုင်ငံတကာပွဲစဉ်တွေ ပြန်လည်စတင်သွားမှာဖြစ်ပြီး ချဲလ်ဆီးအနေနဲ့ ပယ်လ်မာကို အင်္ဂလန်လက်ရွေးစင်အသင်းမှာ ထည့်သွင်းအသုံးပြုဖို့ ခွင့်ပြုမသွားမလား စောင့်ကြည့်ရပါမယ်။