
ယူနိုက်တက်အသင်းမှ ထွက်ခွာလာခဲ့တဲ့ ဂါနာချိုကို သတိပေးလိုက်တဲ့ ချဲလ်ဆီးဂန္တဝင်ကစားသမား ဂျိုးကိုးလ်
စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုများကြောင့် နည်းပြ ရူဘင် အာမ်မိုရင်က အာဂျင်တီးနားလက်ရွေးစင် ကစားသမားကို အသင်းအတွက် မလိုအပ်တဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ရာသီသိမ်းခရီးစဉ်နောက်ပိုင်းမှာ ဆိုရှယ်မီဒီယာ စည်းကမ်းဖောက်ဖျက်မှုအချို့ ဖြစ်ပွားခဲ့တာကြောင့် ဂါနာချိုကို အသင်းကနေ ဖယ်ထုတ်ကာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ 'ဘုမ်း စကွက်' အဖွဲ့ထဲကို အဆင့်ချခဲ့ပါတယ်။ အဲဒီအဖွဲ့ထဲမှာ မာကပ်စ် ရက်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချိုနဲ့ အန်တိုနီတို့လို ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ပေါင်သန်း ၄၀ နဲ့ သဘောတူညီမှုရခဲ့ပြီးနောက် အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း စိုးရိမ်စရာကောင်းလောက်အောင် ရပ်တန့်နေခဲ့တဲ့ သူ့ရဲ့ကစားသမားဘဝကို စတန်းဖို့ဒ် ဘရစ်ချ်မှာ ပြန်လည်စတင်ဖို့ အခွင့်အရေး ရရှိတော့မှာ ဖြစ်ပါတယ်။
ဂါနာချိုဟာ စနေနေ့က ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ အနောက်လန်ဒန်ဒါဘီပွဲစဉ်ကို ကွင်းထဲကနေ လာရောက်ကြည့်ရှုခဲ့ပြီး အဲဒီပွဲစဉ်မှာပဲ ဂျိုး ကိုးလ်က ချဲလ်ဆီးရဲ့ ကစားသမားသစ်ကို ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်၊
သူက TNT Sports ကို ပြောကြားခဲ့တာကတော့ "သူ အကောင်းဆုံးအခြေအနေကို ရောက်ဖို့က အရေးကြီးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဘယ်တောင်ပံမှာ ကစားဖို့အတွက် ဂစ်တန်စ်နဲ့ အပြိုင်ဖြစ်မှာဖြစ်ပြီး ညာခြေနဲ့ အတွင်းကို ဝင်ရောက်ကစားမှာ ဖြစ်ပါတယ်"
"သူဟာ တခါတရံမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ပါတယ်။ အခုအချိန်မှာ ယူနိုက်တက်ဟာ လူငယ်ကစားသမားအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ မြင်နေရပါတယ်။ စကော့ မက်တွန်မီနေးလို ကစားသမားတွေ ထွက်ခွာပြီး ခြေစွမ်းပြတာကိုလည်း မြင်ခဲ့ပြီးပါပြီ"
"ဂါနာချိုအတွက် အဆင့်တွေ အများကြီး ရှိပါသေးတယ်။ ဒါဟာ ချဲလ်ဆီးအတွက်တော့ ကောင်းမွန်တဲ့ဈေးနှုန်းလို့ ကျွန်တော်ထင်ပါတယ်။ ဒီကောင်လေးအပေါ်မှာ မေးခွန်းထုတ်စရာတွေ ရှိပါတယ်။ သူ့ကို ကျွန်တော် မသိပေမဲ့ သူ့ရဲ့စခန်းကနေ ထွက်လာတဲ့ အတွင်းလူတွေရဲ့ သတင်းတွေနဲ့ ယူနိုက်တက်မှာ အဆင့်ချခံရတာတွေအတွက် သူ့ရဲ့ ကိုင်တွယ်ပုံတွေက ပိုမိုကောင်းမွန်ဖို့ လိုပါတယ်"
"သူဟာ ထိပ်တန်းကစားသမားတစ်ဦး ဖြစ်ချင်တယ်ဆိုရင် ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုဆီကို လာဖို့လိုအပ်ပြီး ချဲလ်ဆီးဟာ အဲဒီလိုနေရာမျိုး ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ် အဲဒီကနေ တိုးတက်လာဖို့ လိုပါတယ်"
"ဒါပေမဲ့ တောင်ပံနေရာတွေအတွက်တော့ ပြိုင်ဆိုင်မှုတွေ အများကြီး ရှိပါတယ်"
ဒီအတောအတွင်းမှာ ချဲလ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာကတော့ ယူနိုက်တက်ကနေ ဂါနာချိုရဲ့ အပြောင်းအရွှေ့ကို အတည်ပြုပြီးနောက် ဆိုရှယ်မီဒီယာကို မသုံးဖို့ တောင်းဆိုမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲနောက်ပိုင်းမှာ ဂါနာချိုရဲ့ အစ်ကိုဖြစ်သူ ရောဘတ်ဟာ နည်းပြ ရူဘင် အမ်မိုရင်က သူ့ညီကို 'ပြဿနာတွေ ရင်ဆိုင်ရအောင် အကျပ်ကိုင်ထားတယ်' လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ဇွန်လမှာ အားလပ်ရက်အပန်းဖြေနေစဉ် ဂါနာချိုဟာ သူ့ရဲ့ အသင်းဖော်ဟောင်း မာကပ်စ် ရက်ရှ်ဖို့ဒ် ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အနေနဲ့ နောက်ကျောမှာ 'ရက်ရှ်ဖို့ဒ်' နာမည်ပါတဲ့ အက်စတွန်ဗီလာအသင်း ဂျာစီကို ဝတ်ဆင်ထားတဲ့ ပုံကို တင်ခဲ့ရာမှာတော့ ပရိသတ်တွေရဲ့ ဒေါသတုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မာရက်စ်ကာက လူမှုမီဒီယာကို မနှစ်သက်ကြောင်း အရင်ကတည်းက ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့ ဆိုရှယ်မီဒီယာ လုပ်ဆောင်မှုတွေကို ကြီးကြပ်ဖို့ အချိန်မပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
"သူတို့ကို မသုံးပါနဲ့လို့ ကျွန်တော် မပြောပါဘူး။ သူတို့မှာ အကြံဉာဏ်ပေးနိုင်တဲ့ မိသားစုတွေ ရှိပါတယ်၊ ကျွန်တော်မှာ ကလေး လေးယောက်ရှိပြီး သူတို့ကို အကြံဉာဏ်ပေးဖို့ ကြိုးစားပါတယ်၊ ဒါပေမဲ့ နောက်ထပ် ကစားသမား ၂၅ ယောက်ကို အကြံပေးဖို့ကတော့ အရမ်းရှုပ်ထွေးနေပါလိမ့်မယ်"
"ဘယ်သူမဆို သူတို့လိုချင်တာကို လုပ်လို့ရပါတယ် ဘယ်သူမဆို သူတို့ပြောချင်တာကို ပြောလို့ရပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လေးစားမှုဆိုတာနဲ့ ပတ်သက်နေတာ ဖြစ်ပါတယ်" လို့ နည်းပြက ပြောပါတယ်။