The network connection is lost.

Banner Image

ပူလီဆစ်က အမေရိကန်မက်ဆီဖြစ်လာနိုင်တယ်လို့ ပိုချက်တီနိုချီးကျူး

အမေရိကန်လက်ရွေးစင်နည်းပြ မော်ရီစီယိုပိုချက်တီနိုက အသင်းရဲ့တိုက်စစ်ကစားသမား ခရစ်ရှင်ပူလီဆစ်ဟာ အာဂျင်တီးနားဂန္ထဝင် လီယွန်နယ်မက်ဆီလိုမျိုး အမေရိကန်မက်ဆီဖြစ်လာနိုင်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ပိုချက်တီနိုက တောင်ပံကစားသမား ပူလီဆစ်ဟာ အမေရိကန်ဘောလုံးလောကရဲ့ မျက်နှာဖုံးဖြစ်ပြီး အသင်းရဲ့ပုံရိပ်ကိုမြင့်တက်စေတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။ သူက "ကျွန်တော့်အနေနဲ့ မက်ဆီကိုရော၊ ပူလီဆစ်ကိုရော မလေးစားတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနိုင်ငံမှာ ပူလီဆစ်က မက်ဆီလိုဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အမေရိကန်ဘောလုံးလောကကို ကိုယ်စားပြု နိုင်တဲ့ကစားသမားဖြစ်နေလို့ပါ"

"ကမ္ဘာအနှံ့က လမ်းတွေပေါ်မှာဘောလုံးကစားနေတဲ့ ကလေးတွေကို အမေရိကန်ဘောလုံးသမားတစ်ယောက်ရဲ့အမည်ပြောပါဆိုရင် အားလုံးက ပူလီဆစ်လို့ပဲဖြေကြပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်မှာ ပူလီဆစ်က ဥရောပမှာရော၊ လက်ရွေးစင်အသင်းမှာပါ အရမ်းကောင်းတဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ကိုအောင်မြင်မှုရရှိအောင်ကူညီပေးနိုင်တဲ့ ကစားသမားပါ" လို့ပြောကြားခဲ့ပါတယ်။ 

ပူလီဆစ်ဟာ အမေရိကန်ရဲ့အရေးပါဆုံး ကစားသမားဖြစ်နေပေမယ့် အနားယူဖို့လိုအပ်နေတာကြောင့် ယခုလအတွင်းစတင်ကျင်းပသွားမယ့် ကွန်ကာကက်ဖ်ရွှေဖလားပြိုင်ပွဲကိုလွဲချော်သွားမှာဖြစ်ပါတယ်။ ပိုချက်တီနိုက "ဒီပြိုင်ပွဲမှာ သူမပါဝင်နိုင်လို့ ကျွန်တော်စိတ်မပျက်ပါဘူး။ ကျွန်တော်တို့မှာ အခြားကစားသမားကောင်းတွေလည်းရှိနေပြီးသားပါ။ ပူလီဆစ်က အမေရိကန်ကို အမြဲတမ်းကူညီပေးချင်တဲ့ကစားသမားပါ"

"အခုလိုအနားယူလိုက်တဲ့အတွက် သူ့အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အကောင်းဆုံးအခြေအနေနဲ့ ပြန်ကစားနိုင်ဖို့ရှိပါတယ်။ ဒီဆုံးဖြတ်ချက်က သူ့ကိုအကူညီပေးနိုင်မယ်လို့ထင်ပါတယ်။ကစားသမားတိုင်းက သူ့အခြေအနေနဲ့သူရှိပါတယ်။ လက်ရွေးစင်အသင်းဖော်တွေကလည်း ပူလီဆစ်ကို လေးစားကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီနည်းပြဟောင်းက မတ်လမှာကျင်းပခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေနဲ့ပတ်သက်ပြီး "မတ်လတုန်းက ပွဲစဉ်တွေအပြီးမှာ ကျွန်တော် ဘာကိုမှဂရုစိုက်မှာမဟုတ်ကြောင်းပြောခဲ့ပါတယ်။ အသင်းအတွက်အောင်မြင်မှုရရှိဖို့ဘာမဆိုလုပ်သွားမှာပါ။ ကျွန်တော်တို့အားလုံးက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပဲ အဓိကအာရုံစိုက်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပူလီဆစ်ဟာ ဥရောပဘောလုံးအဆင့်မှာ ချဲလ်ဆီး၊ ဒေါ့မွန်တို့နဲ့လက်တွဲခဲ့ပြီး ယခုအခါ အေစီမီလန်မှာကစားနေတာကြောင့် ဥရောပမှာ အအောင်မြင်ဆုံး အမေရိကန်အမျိုးသား ဘောလုံးကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာလည်း ပူလီဆစ်ဟာ အေစီမီလန်အတွက် ပြိုင်ပွဲစုံ ၁၇ ဂိုးသွင်းပြီး၊ ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိပြုလုပ်ခဲ့တာကြောင့် အသင်းအတွက်အလွန်အရေးပါတဲ့ကစားသမားဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ အမေရိကန်လက်ရွေးစင်အသင်းဟာ ၂၀၂၅ ကွန်ကာကက်ဖ်ရွှေဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲစဉ်တွေ ကစားသွားရဦးမှာဖြစ်ပါတယ်။ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ပိုချက်တီနိုရဲ့အသင်းဟာ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အဖြစ် တူရကီကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ၁၁ ရက်နေ့မှာတော့ ဆွစ်ဇာလန်နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။