The network connection is lost.

Banner Image

ဂျက်ဆန်ကို ဘိုင်ယန်မြူးနစ်ထံ ဘာကြောင့်အငှားချခဲ့သလဲ ရှင်းပြလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အသင်းရဲ့တိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ကို ဘွန်ဒက်စ်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ထံ ဘာကြောင့်အငှားချခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ 

ဂျက်ဆန်အနေနဲ့ ချဲလ်ဆီးမှာပဲ ဆက်လက်ကျန်ရှိနေမယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့ရက်မှာ ဘိုင်ယန်မြူးနစ်သို့ တစ်ရာသီအငှားစာချုပ်နဲ့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ အသင်းရဲ့တိုက်စစ်မှူး လီယမ်ဒီလပ်ဒဏ်ရာရရှိသွားတာကြောင့် လူငယ်ကစားသမားလေး မာ့ခ်ဂွီယူကို ဆန်းဒါးလန်းသို့အငှားချမယ့်အစီအစဉ်ကိုတော့ ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။ ယခုအခါမှာတော့ မာရက်စ်ကာက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ထိပ်တိုက်မတွေ့ဆုံမီမှာ ဂျက်ဆန်ရဲ့ထွက်ခွာမှုနဲ့ပတ်သက်ပြီး ရှင်းပြပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
 
အီတလီသားနည်းပြက "ပြီးခဲ့တဲ့ရာသီကအောင်မြင်မှုတွေအတွက် ဂျက်ဆန်ကို ကျေးဇူးတင်ပါတယ်။ အခုလိုအောင်မြင်မှုတွေရခဲ့တာ ကစားသမားတွေအားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ။ သူ အသင်းကနေထွက်သွားတော့ ကျွန်တော်သူ့ကိုမက်ဆေ့ပို့ပြီး ကျေးဇူးတင်ကြောင်းနဲ့ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။ သူက လူကောင်းတစ်ယောက်ပါ။ ကျွန်တော်တို့နဲ့ အလုပ်ကောင်းကောင်းတွဲလုပ်ခဲ့ရပါတယ်။ နွေရာသီမှာ ကျွန်တော်တို့ တိုက်စစ်မှူးသစ် ၂ ယောက်ခေါ်ခဲ့ပါတယ်။ လီယမ်ဒီလပ်နဲ့ ဂျာအိုပက်ဒရိုတို့ပါ။ တိုက်စစ်မှူး ၂ ယောက်ရှိရင် အသင်းအတွက်လုံလောက်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဂျက်ဆန်ဟာ ချဲလ်ဆီးမှာနေထိုင်ခဲ့တဲ့ကာလအတွင်း ပြိုင်ပွဲစုံ ၈၁ ပွဲကစားပြီး ၃၁ ဂိုးသွင်းယူပေးခဲ့ကာ ပြီးခဲ့တဲ့ရာသီက ကွန်းဖရန့်လိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဆုဖလားအောင်မြင်မှုရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

ဆက်လက်ပြီး မာရက်စ်ကာက "ကျွန်တော်တို့က လောလောဆယ်မှာ ချန်ပီယံလိဂ်ဆုဖလားကိုရရှိဖို့ ရေးပန်းစားတဲ့အသင်းတွေထဲမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ဖို့လိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ကစားသမားတွေကသူတို့ လုပ်နိုင်ကြောင်းပြသပြီး ဆုဖလားအောင်မြင်မှုတွေရရှိထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဂျက်ဆန်ဟာ ဘိုင်ယန်မြူးနစ်ထံသို့ အငှားပြောင်းရွှေ့ကြေးပေါင် ၁၄ သန်းနဲ့ထွက်ခွာသွားတာဖြစ်ပြီး ရာသီကုန်မှာ ဂျာမန်ကလပ်က ဆီနီဂေါလက်ရွေးစင်ကို ပေါင် ၅၄ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ရှိနေပါတယ်။ ကြာသပတေးနေ့နံနက်မှာ ချဲလ်ဆီးနဲ့ဘိုင်ယန်မြူးနစ်တို့ဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာထိပ်တိုက်တွေ့ဆုံနေတာကြောင့် ဂျက်ဆန်အနေနဲ့ မိခင်ကလပ်နဲ့ရင်ဆိုင်ရာမှာ ခြေစွမ်းပြသသွားနိုင်မလား စောင့်ကြည့်ရပါမယ်။