မန်စီးတီးမှထွက်ခွာပြီး ဒေါ့မွန်သို့ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ အော်စကာဘော့ဘ်
မန်ချက်စတာစီးတီးရဲ့လူငယ်တိုက်စစ်မှူးလေး အော်စကာဘော့ဘ်ဟာ အသင်းမှာပုံမှန်နေရာမရတာကြောင့် ထွက်ခွာဖို့ပြင်ဆင်နေပြီး မန်စီးတီးအနေနဲ့လည်း ဘုန်းမောက်တိုက်စစ်မှူး အန်တိုနီဆီမီညိုကို ခေါ်ယူဖို့ချိတ်ဆက်နေတာကြောင့် ဘော့ဘ်ကိုရောင်းချဖို့သာ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။
ဘော့ဘ်ဟာ မန်စီးတီးနဲ့ ၂၀၂၉ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေသေးပြီး လောလောဆယ်မှာတော့ အီတီဟတ်မှာဆက်ရှိဖို့မသေချာတဲ့ ကစားသမားကိုခေါ်ယူဖို့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်က အနီးစပ်ဆုံးဖြစ်နေတယ်လို့သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အပြောင်းအရွှေ့ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကလည်း ဒေါ့မွန်ဟာ အော်စကာဘော့ဘ်ကို အပြီးသတ်ခေါ်ယူဖို့ မန်စီးတီးနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ရိုမာနိုက "ဒေါ့မွန်နဲ့ မန်စီးတီးတို့က အော်စကာဘော့ဘ်ရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးနေကြပါတယ်။ ဆွေးနွေးမှုတွေက ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက စတင်ခဲ့တာပါ။ တကယ်လို့ မန်စီးတီးကို ဆီမီညိုရောက်လာခဲ့ရင် ဘောဘ့်အနေနဲ့ ဒေါ့မွန်ကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဘော့ဘ်က ဒေါ့မွန်တစ်သင်းတည်းမဟုတ်ဘဲ အခြားအသင်းတွေကိုလည်း စိတ်ဝင်စားနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အခြားသတင်းတွေမှာတော့ ဒေါ့မွန်ဟာ ဘော့ဘ်ကို အငှားစာချုပ်နဲ့သာခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပြီး မန်စီးတီးအနေနဲ့လည်း အသင်းရဲ့အနာဂတ်မှာ ကစားသမားကိုပြန်လည်အသုံးချနိုင်ရေးအတွက် ဇန်နဝါရီမှာတော့ အငှားနဲ့သာထွက်ခွာခွင့်ပြုဖို့ စိတ်ဝင်စားနိုင်တယ်လို့သိရပါတယ်။
မန်စီးတီးအနေနဲ့ နော်ဝေကစားသမားကို အပြီးသတ်ရောင်းချပါက ပေါင်သန်း ၃၀ အထိအနည်းဆုံးရရှိနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါတယ်။ လောလောဆယ်မှာတော့ မန်စီးတီးဟာ ဆီမီညိုကိုခေါ်ယူနိုင်ဖို့ အသည်းအသန်ကြိုးစားနေပြီး အဆိုပါကစားသမားကို ယူနိုက်တက်၊ လီဗာပူးနဲ့ တော့တင်ဟမ်တို့ကလည်း အပြိုင်လိုက်နေကြတာဖြစ်ပါတယ်။