
The network connection is lost.

စပိန်လာလီဂါ ပွဲစဉ် (၆) အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း အိမ်ရှင် အက်သလက်တီကိုမက်ဒရစ် အသင်းက ၃ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စူပါးစတားဖြစ်လာတဲ့ ဘယ်လင်ဂမ်က ပြိုင်ဘက်အသင်းရဲ့ လိုဂိုပုံပေါ်မှ နင်းလျှောက်ခြင်းမပြုဘဲ ရှောင်သိမ်းသွားခဲ့တာပဲ ဖြစ်ပါတယ်။
လာလီဂါ ချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ အောင်မြင်မှုရရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မိုဒရစ်၊ တိုနီခရူးစ်တို့နေရာအတွက် အားဖြည့်မှုပြုလုပ်တဲ့အနေဖြင့် ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ကျော်ဖြင့် တန်ကြေးမြင့်မားစွာ ပေးချေခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲစဉ် ၅ ပွဲသာ ကစားပြီးချိန်တွင် သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို မက်ဒရစ်ကလပ်အတွက် ချန်ပီယံလိဂ် ပွဲဦးထွက်မှာလည်း အဖိုးတန်အနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်က ရွှေဘောလုံး ၅ဆုရှင် ရော်နယ်ဒိုရဲ့ လာလီဂါ အစောပိုင်း နေ့ရက်တွေမှ မှတ်တမ်းတွေကိုပါ လိုက်မီလာစေခဲ့တာ ဖြစ်ပါတယ်။
မက်ဒရစ်ဒါဘီပွဲစဉ်မတိုင်မီတွင် ပြုလုပ်တဲ့ လေ့ကျင့်မှု အစီအစဉ်အတွင်းမှ အစာအိမ်ဝေဒနာကြောင့် စောစီးစွာအနားယူခဲ့ရတဲ့အထိ ကြုံတွေ့ခဲ့ရပေမဲ့ ဘယ်လင်ဂမ်အနေဖြင့် ပွဲစဉ်တစ်လျှောက် မမောမပန်းကြိုးစားခဲ့ပေးနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ပရိတ်သတ်တွေရဲ့ အားပေးမှုကို ပိုမိုခိုင်မာစေခဲ့တာ ဖြစ်ပါတယ်။
အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အပြီးတွင် ဘယ်လင်ဂမ်က “ဒီနေ့ပွဲက ကျွန်တော်ထင်ထားတာထက်တောင် ပိုကောင်းနေပါသေးတယ်။ ကျွန်တော့်မှာ အခု ဒီအကြောင်းပြောနေရတာကို ကြက်သီးမွှေးညှင်းထလာပါတယ်။ ရီရဲလ်မက်ဒရစ်အသင်း အတွက် ကစားပေးရတာက တကယ်ကို ဂုဏ်ယူစရာ ကောင်းပါတယ်။ ဝန်ထမ်းတွေ၊ ကစားသမားတွေအပြင် ကွင်းအတွင်းနဲ့ ပွဲမစတင်ခင် သွေးပူလေ့ကျင့်ခန်းဆင်းတဲ့ အချိန်မှာပါ လှိုက်လှိုက်လှဲလှဲအားပေးနေကြတဲ့ ပရိတ်သတ် တွေကိုလည်း ချီးကျူးရမှာပါ။ ခင်ဗျားတို့အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ကိုယ်တိုင် မရောက်မချင်း ဒီကလပ်အသင်းရဲ့ အကြောင်းကို သေချာမသိနိုင်ပါဘူး”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။