The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်နည်းပြရာထူးမှ နုတ်ထွက်လိုနေတယ်ဆိုတဲ့သတင်းတွေကို နူနို ငြင်းဆန်

နော်တင်ဟမ်ဖောရက်စ်နည်းပြ နူနိုအက်စပရစ်တိုဆန်တိုက အသင်းပိုင်ရှင် အီဗန်ဂျီလော့စ်မာရီနာကစ်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေပြီး အသင်းကနေ နုတ်ထွက်လိုနေတယ်ဆိုတဲ့ သတင်းတွေကို အဓိပ္ပာယ်မရှိကြောင်း တုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။ 

နူနိုဟာ အသင်းပိုင်ရှင် မာရီနာကစ်နဲ့ တင်းမာမှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ထားတာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်နဲ့ လမ်းခွဲသွားဖွယ်ရှိတယ်လို့ ဖော်ပြလာကြတာဖြစ်ပါတယ်။ သို့သော်လည်း နူနိုကတော့ သူ့အနေနဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ဆက်လက် လက်တွဲသွားလိုပြီး ကလပ်ပိုင်ရှင်နဲ့သာမက အပြောင်းအရွှေ့ကာလအတွင်း သဘောထားတိုက်ဆိုင်မှုတွေကွဲလွဲခဲ့တဲ့ အားကစားဒါရိုက်တာ အီဒူနဲ့လည်း ရှင်းလင်းဖို့ဆန္ဒရှိကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေသလားဆိုတဲ့မေးခွန်းကို ပေါ်တူဂီသားနည်းပြက "ဒါက အဓိပ္ပာယ်မရှိပါဘူး။ ဘယ်လိုမှ အဓိပ္ပာယ်မရှိတဲ့မေးခွန်းပါ။ ကျွန်တော်တို့စိတ်ထဲမှာ ပဲလေ့စ်နဲ့ပွဲအတွက်ပဲ အပြည့်အဝအာရုံစိုက်နေပါတယ်။ အခုချိန်မှာ အရေးကြီးဆုံးက ဒါပါပဲ" လို့ဖြေကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဖောရက်စ်နဲ့ဆက်လက် လက်တွဲသွားဖို့ဆန္ဒရှိသလားဆိုတဲ့မေးခွန်းကိုလည်း နူနိုက "သေချာပေါက် လက်တွဲသွားမှာပါ" လို့ဖြေကြားခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ ယခုရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယခုနွေရာသီအတွင်း ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် နူနိုကတော့ အသင်းရဲ့လူအင်အား မပြည့်စုံမှာစိုးရိမ်နေတယ်လို့လည်း သတင်းတွေကဆိုပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်ကို ၁-၁ နဲ့သရေကျပြီးနောက် လာမယ့် တနင်္ဂနွေနေ့မှာတော့ နော်တင်ဟမ်ဖောရက်စ်ဟာ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။