The network connection is lost.

Banner Image

ပွဲကြည့်စင်မှာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အန်ဒါလက်ချ်နဲ့ဖီနာဘာချီတို့ပွဲစဉ်ကို ၁၅ မိနစ်ခန့် ရပ်နားခဲ့ရ

ယနေ့နံနက် အန်ဒါလက်ချ်နဲ့ ဖီနာဘာချီတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲချိန်အတွင်း ပွဲကြည့်စင်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ၁၅ မိနစ်ခန့်အထိ ပွဲကို ရပ်နားခဲ့ရပါတယ်။ ပထမအကျော့မှာကတည်းက အန်ဒါလက်ချ်ကို ၃-၀ နဲ့အနိုင်ရထားခဲ့တဲ့ ဖီနာဘာချီဟာ ယခုဒုတိယအကျော့ပွဲစဉ်မှာလည်း ပွဲအစ ၄ မိနစ်မှာရရှိခဲ့တဲ့ အယ်နက်ဆီရီရဲ့သွင်းဂိုးနဲ့အတူ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။သို့သော်လည်း အဆိုပါသွင်းဂိုးအပြီးမှာပဲ ခိုက်ရန်ဖြစ်ပွားမှုတွေရှိခဲ့လို့ ပွဲကို ရပ်နားထားခဲ့ရပါတယ်။ ယခုချိန်အထိတော့ ပရိသတ်တွေဘာကြောင့် ရန်ဖြစ်ခဲ့ကြသလဲဆိုတာ အဖြေမပေါ်သေးပါဘူး.

နှစ်သင်းစလုံးဟာ ခိုက်ရန်ဖြစ်ပွားမှုအပြီးမှာ အဝတ်လဲခန်းအတွင်းသို့ ဝင်သွားခဲ့ကြပေမယ့် ပရိသတ်တွေကတော့ ကွင်းထဲမှာ ဆက်လက်ကျန်ရှိနေခဲ့ကြပါတယ်။ ထို့နောက်မှာတော့ အိမ်ရှင် အန်ဒါလက်ချ်အသင်းက ပွဲကြည့်စဉ်အတွင်း ခိုက်ရန်ဖြစ်ပွားမှုနဲ့ ပရိသတ်တွေရဲ့ မသင့်တော်တဲ့အပြုအမူတွေကြောင့် ပွဲကို ခေတ္တရပ်နားကြောင်းနဲ့ ရွှေ့ဆိုင်းဖို့အထိဖြစ်နိုင်ကြောင်း ကြေညာခဲ့ပါတယ်။ 

ခိုက်ရန်ဖြစ်ပွားနေတဲ့ ပရိသတ်တွေအနားသို့ ဖီနာဘာချီကစားသမားတွေဖြစ်တဲ့ ဖရက်ဒ်နဲ့ အိုဆာရီတို့က သွားရောက်ကာ ဖျန်ဖြေဖို့ကြိုးစားခဲ့ကြပြီး ကွင်းလယ်ခြုံရေးတွေကိုပါ အကူအညီတောင်းခဲ့ကြပါသေးတယ်။ ဒါကြောင့် အသင်းဖော်ကစားသမားတွေနဲ့ ကွင်းလုံခြုံရေးတွေက အိုဆာရီကို ထိန်းသိမ်းခဲ့ကြပြီး အဝတ်လဲခန်းထဲသို့ ခေါ်သွားခဲ့ရပါတယ်။ 
၁၅ မိနစ်ခန့်အကြာမှာတော့ နှစ်ဖက်အသင်းကစားသမားတွေ အဝတ်လဲခန်းကနေထွက်လာခဲ့ကြပြီး ပွဲကို ပုံမှန်အတိုင်း ဆက်လက်ကစားခဲ့ကြပါတယ်။ အိုဆာရီဟာ ပြီးခဲ့တဲ့နှစ်ကလည်း ထရက်ဇွန်စပေါ်နဲ့ပွဲစဉ်မှာ ကွင်းထဲကိုဝင်ရောက်လာခဲ့တဲ့ ပြိုင်ဘက်ပရိသတ်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ဖူးပါတယ်။ ထိုစဉ်က ကစားသမားဟာ သူ့ကိုယ်သူကာကွယ်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းထားခဲ့ပါတယ်။ 

သို့သော်လည်း ထရက်ဇွန်စပေါ်ပရိသတ်ကို ထိုးကြိတ်နေတဲ့ အိုဆာရီရဲ့ ပုံရိပ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ကစားသမားအနေနဲ့ ဝေဖန်မှုတွေကြုံတွေ့ခဲ့ရပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာလည်း ဖီနာဘာချီကစားသမားဟာ လုံခြုံရေးအပြည့်အဝယူကာ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။ ယခုအန်ဒါလက်ချ်နဲ့ပွဲစဉ်မှာ ဖီနာဘာချီအနေနဲ့ ၂-၂ နဲ့သရေကျခဲ့ပေမယ့် ပထမအကျော့က ၃-၀ နဲ့အနိုင်ရထားခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅-၂ နဲ့အတူ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။