နည်းပြလောကသို့ ပြန်လာဖို့ရှိနေတဲ့ ဘာစီလိုနာအိုင်ကွန် ဇာဗီ
ဇာဗီအား ဘာစီလိုနာက ထုတ်ပယ်လိုက်တာ ၇ လ ကြာမြင့်နေပြီဖြစ်ပြီး အဲ့ဒီကတည်းက သူက အနားယူနေတာလည်းဖြစ်ပါတယ်။ သူ့ရဲ့အစီစဉ်ကတော့ အသက်ရဲ့ထက်ဝက်ကျော်ဖြစ်တဲ့ ၂၇ နှစ်တာ ကျင်လည်ထားတဲ့ ဘောလုံးလောက ကနေ ၁ နှစ်လောက်အနားယူဖို့ဖြစ်ပါတယ်။
ဘောလုံးလောကနှင့် ကင်းကွာနေတဲ့အချိန်မှာ ဇာဗီဟာ မိသားစုနှင့် အချိန်ပေးလျက်ရှိပြီး ပြင်ပလောကနှင့် ဝေးရာနေရာမှာတောင် နေထိုင်လျက်ရှိပါတယ်။သို့သော်လည်း လုံးဝကြီး ပြောင်းလဲလိုက်တာတော့မဟုတ်ပါဘူး။ Marca ရဲ့ အဆိုအရ သူဟာ နည်းပြလောကသို့ ပြန်လာဖို့ပြင်ဆင်နေပြီး နွေရာသီမှာတောင် ဖြစ်နိုင်ချေရှိပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ အသက် ၄၅ နှစ်အရွယ် ဇာဗီဟာ သူ့ရဲ့နောက်ထပ် ပရောဂျက်အတွက် ကောင်းကောင်းပြင်ဆင်နေတာဖြစ်ပါတယ်။ အနားယူနေချိန်ကာလအတွင်း ဇာဗီဟာ များပြားတဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ MDရဲ့ ဖော်ပြချက်အရ အမ်မိုရင်အား မခန့်အပ်မီ ယူနိုက်တက်ဟာ ဇာဗီကိုဆက်သွယ်ခဲ့သလို ဘက်ဆစ်တပ်၊ တောင်ကိုရီးယားလက်ရွေးစင်အသင်းတို့ကပါ ချဉ်းကပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဘက်စကွက်စ်၊ အယ်လ်ဘာနှင့် ဆွာရက်ဇ်တို့ရှိနေတဲ့ အင်တာမီယာမီကိုပါ ကိုင်တွယ်ဖို့ ဆက်သွယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဇာဗီရဲ့နေရာကိုအစားဝင်ခဲ့တဲ့ ဖလစ်ကို ကလပ်ရဲ့လူကြီးတွေနဲ့ ပရိသတ်တွေက သဘောကျနေကြတာလည်းဖြစ်ပါတယ်။ နည်းပြအဖြစ် ပထမဆုံးဆုဖလားဖြစ်တဲ့ စပိန်စူပါဖလားကို ခါးသီးပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အား ၅-၂ ဂိုးဖြင့်အနိုင်ရရှိကာ ရရှိခဲ့တာဖြစ်ပါတယ်။
ဇာဗီအနေနဲ့ ဘောလုံးလောကသို့ ဘယ်အချိန်ပြန်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘာစီလိုနာအား ကိုင်တွယ်စဉ် သူက သက်သေပြသခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှုတွေ အများကြီး ရရှိနေတယ်ဆိုတာကတော့ အံ့ဩစရာတော့ မဟုတ်ပါဘူး။