
ယူနိုက်တက်သို့ဘာကြောင့်ပြောင်းရွှေ့ခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ လမ်မန်းစ်
နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့ရက်မှာ ဘယ်လ်ဂျီယံကလပ် အန့်တ်ဝပ်မှ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားလေး ဆန်နီလမ်မန်းစ်က အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။
လမ်မန်းစ်ကို နွေရာသီအတွင်း အက်စတွန်ဗီလာအပါအဝင် အခြားထိပ်သီးကလပ်တွေကလည်း စိတ်ဝင်စားခဲ့ကြပေမယ့် ကစားသမားဟာ ယူနိုက်တက်သို့သာပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လမ်မန်းစ်ဟာ ယူနိုက်တက်ရဲ့စိတ်ဝင်စားမှု ကိုရရှိနေကြောင်း စတင်သိရှိလိုက်ကတည်းက ယူနိုက်တက်သို့သာပြောင်းရွှေ့နိုင်ဖို့ တွန်းအားပေးလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
ဂိုးသမားသစ်က "ဒီကိုပြောင်းရွှေ့နိုင်ဖို့က ကျွန်တော့်အိပ်မက်ပါ။ ကျွန်တော်အသက် ၅ နှစ်အရွယ်မှာ ယူနိုက်တက်က ဘောလုံးလောကရဲ့အမြင့်ဆုံးနေရာကိုရောက်နေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့မှတ်ဉာဏ်တွေထဲမှာ ယူနိုက်တက်ဆိုတာ အရမ်းကြီးကျယ်ခမ်းနားတဲ့အသင်းကြီးပါပဲ။ ယူနိုက်တက်က ကျွန်တော့်ကို စိတ်ဝင်စားနေတယ်လို့သိလိုက်ရတော့ ကျွန်တော့်ရဲ့အိပ်မက်တွေ ဖြစ်လာတော့မယ်လို့ ထင်ခဲ့ပါတယ်"
"ဒီအသင်းရဲ့သမိုင်းကြောင်းနဲ့ အောင်မြင်မှုတွေက ကြီးကျယ်ခမ်းနားပါတယ်။ ဒီနေ့ ဒီနေရာကိုရောက်လာတော့ အသင်းအကြောင်းကို ပိုသိလာပါပြီ။ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကိုဝင်လိုက်တဲ့အချိန်မှာ ယူနိုက်တက်ရဲ့ သမိုင်းကြောင်းကို ခံစားလိုက်မိပါတယ်။ ဒီကွင်းမှာကစားခဲ့တဲ့ ဂန္ထဝင်ကစားသမားတွေလိုပဲ ကျွန်တော်အသင်းကိုကူညီနိုင်ဖို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခု ၂၀၂၅-၂၆ ဘောလုံးရာသီအတွင်း ယူနိုက်တက်ရဲ့ခံစစ်ပိုင်းဟာ ပွဲစဉ်တိုင်းမှာဂိုးပေးထားခဲ့ရတာကြောင့် နောက်ဆုံးမှာတော့ အပြောင်းအရွှေ့ကာလမပိတ်သိမ်းမီမှာပဲ လမ်မန်းစ်ကိုခေါ်ယူပြီး ဂိုးပေါက်ကို အင်အားဖြည့်တင်းခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီသားအနေနဲ့ လက်ရှိယူနိုက်တက်ရဲ့ဂိုးသမားတွေဖြစ်တဲ့ အန်ဒရေအိုနာနာ၊ အယ်လ်တေးဘယင်ဒါတို့နဲ့ နေရာအတွက် တိုက်ပွဲဝင်သွားရတော့မှာဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လမ်မန်းစ်တစ်ယောက် အဆိုပါပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ နိုင်ငံတကာအားလပ်ရက်မှာ အဆင်သင့်ပြင်ထားရပါမယ်။