ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမတိုင်ခင် မာဂယ်ဟေးစ်ရဲ့ ဒဏ်ရာအခြေအနေကို ဖွင့်ဟလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီကယ်အာတီတာက နောက်ခံလူ ဂါဘရီယယ်မာဂယ်ဟေးစ်ဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဘရာဇီးနောက်ခံလူဟာ ကြားရက်က အက်သလက်တီကိုအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းယူ၊ တစ်ဂိုးဖန်တီးခဲ့ပြီးနောက် ပွဲပြီးခါနီး မိနစ် ၂၀ အလိုမှာ လူစားလဲခဲ့ရတာဖြစ်ပြီး သိသာတဲ့ကြံ့ခိုင်မှုပြဿနာတော့မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကံမကောင်းစွာပဲ အာတီတာက မာဂယ်ဟေးစ်ဟာ ဒဏ်ရာရရှိခဲ့တာကြောင့် အခုချိန်အထိလေ့ကျင့်ခန်းမလုပ်နိုင်သေးဘူးလို့ အတည်ပြုခဲ့ပါတယ်။
"ရှင်းရှင်းလင်းလင်းပြောရရင် ဂါဘီ က ဒဏ်ရာပြဿနာကြောင့် ကွင်းထဲကနေထွက်ခဲ့ရတာပါ။ သူက လေ့ကျင့်ခန်းမလုပ်နိုင်သေးပါဘူး၊ ဒါကြောင့် လာမယ့် ၂၄ နာရီအတွင်း ဘယ်လိုတိုးတက်လာမလဲဆိုတာကိုကြည့်ပြီး ဒီသီတင်းပတ်ကုန်မှာ ကစားနိုင်မလားဆိုတာကို ဆုံးဖြတ်သွားပါမယ်" လို့ အာတီတာက ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။
မာဂယ်ဟေးစ်မပါဝင်နိုင်ခဲ့ရင် အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့ထိခိုက်မှုဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာရှိတဲ့ အာဆင်နယ်အသင်းဟာ ရာသီအစ ၈ ပွဲမှာ ၃ ဂိုးသာပေးခဲ့ရပြီး အဲဒီနှုန်းအတိုင်းဆက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင် ချဲလ်ဆီးအသင်းရဲ့ တစ်ရာသီလုံးပေးခဲ့ရတဲ့ ဂိုးအရေအတွက် အနိမ့်ဆုံးစံချိန် (၁၅ ဂိုး) ကို ချိုးဖျက်သွားနိုင်ပါတယ်။ တကယ်လို့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ဘရာဇီးသား မပါဝင်နိုင်ခဲ့ဘူးဆိုရင် သူ့နေရာမှာ နွေရာသီကခေါ်ယူထားတဲ့ ခရစ်သီယန်မော့စ်ကွီရာက အစားထိုးဝင်ရောက်ကစားဖွယ်ရှိပြီး ပီရိုဟင်ကာပီကလည်း ဒဏ်ရာကနေပြန်လည်သက်သာလာတဲ့အတွက် အာတီတာအတွက် ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။