အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ချိန် အာဆင်နယ်အပေါ် အာရုံစိုက်ဖို့ အီဇီကို တိုက်တွန်းလိုက်တဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီကယ်အာတီတာက အင်္ဂလန်လက်ရွေးစင်ကစားသမား အီဘရာချီအီဇီကို ခရစ္စတယ်ပဲလေ့စ်နဲ့ ပြန်လည်ရင်ဆိုင်ချိန် အာဆင်နယ်အသင်းအပေါ်မှာပဲ အာရုံစိုက်ထားဖို့ ပြောကြားခဲ့ပါတယ်။
ပေါင် ၆၇.၅ သန်းနဲ့ အာဆင်နယ်အသင်းကိုပြောင်းရွှေ့လာတဲ့ အီဇီဟာ ယနေ့မှာ အိုလီဗာဂလက်စနာရဲ့အသင်းကို အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမှာဖြစ်ပြီး အသင်းဟောင်းနဲ့ ပထမဆုံးရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ တဲ့ဧပြီလက ခရစ္စတယ်ပဲလေ့စ်နဲ့ အမ်းမရိတ်စ်မှာ ၂-၂ ဂိုးသရေကျခဲ့ပြီး တနင်္ဂနွေနေ့ပွဲစဉ်ရဲ့ အရေးပါပုံနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ အာတီတာက "ဒါက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲတစ်ပွဲပါ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရာသီက ဒီမှာ အမှတ်ဆုံးရှုံးခဲ့ရလို့ပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့အာရုံက ဒီပွဲအပေါ်မှာရှိနေပါတယ်။
အီဇီအတွက်တော့ ဒါက အထူးပွဲတစ်ပွဲဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ သူ့ရဲ့သမိုင်းကြောင်းနဲ့ ပဲလေ့စ် အတွက်သူလုပ်ဆောင်ခဲ့တာတွေရှိခဲ့ပါတယ်။ (အသင်းဟောင်းနဲ့ကစားတဲ့အခါ စိတ်ထဲမှာ) တစ်ခုခုရှိနေတတ်ပါတယ်။ စိတ်ခံစားမှုတွေအများကြီးရှိပါတယ်၊ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးတွေလည်းရှိပါတယ်၊ ဒါပေမဲ့ အဓိကအာရုံစိုက်ရမှာက အသင်းပါပဲ။ အီဇီက အဲဒီအတွက်အဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်" လို့ဖြေကြားခဲ့ပါတယ်။
အီဇီဟာ မေလက FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းဘက်ကို အနိုင်ဂိုးသွင်းယူပြီး အသင်းဟောင်းအတွက် ပထမဆုံးဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။ ဒါပေမဲ့ အာဆင်နယ်အသင်းအတွက် ၁၀ ပွဲကစားရာမှာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အာတီတာ"သူ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ သူက မတူညီတဲ့အခြေအနေတွေကို ရောက်လာတဲ့အခါ အထူးသဖြင့် သူကစားနေတဲ့ပွဲအရေအတွက် - သူက ၃ ရက်တစ်ခါကစားခဲ့တာမရှိခဲ့ပါဘူး - သူ့ရဲ့အရည်အချင်းနဲ့ စွမ်းဆောင်ရည်က တကယ်ကောင်းပါတယ်။
ကျွန်တော်တို့က သူ့ကိုပိုပြီးနားလည်နိုင်ခဲ့သလို သူ့ရဲ့အရည်အချင်းတွေကို အသုံးပြုဖို့အတွက် အသင်းကဘာတွေလိုအပ်တယ်ဆိုတာကို သူကနားလည်ခဲ့ပါတယ်။ သူအသင်းကိုကူညီဖို့လုပ်ဆောင်ချင်တဲ့စိတ်ဓာတ်ကို အများဆုံးနှစ်သက်ပါတယ်၊ အာရုံစိုက်ဖို့လိုအပ်တဲ့ အချို့အပိုင်းတွေရှိပါတယ် - သူအဲဒါကိုလုပ်နိုင်မလား? သူကသေချာပေါက်လုပ်နေပါတယ်။ သူက ကစားသမားတွေနဲ့ အချိန်များများဖြုန်းလေလေ သူပိုကောင်းလာလေလေပါပဲ"လို့ ဆိုခဲ့ပါတယ်။