မာတင်နယ်လီ၊ ဆာကာတို့ရဲ့ ကြံ့ခိုင်မှုနောက်ဆုံး အခြေအနေကို ဖွင့်ဟပြောပြလာတဲ့ အာတီတာ
ဒီနေ့မနက်ပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်ရဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို စံချိန်တင်ခြောက်ဂိုးပြတ် အနိုင်ရရှိမှုအပြီး အာတီတာက မာတင်နယ်လီ၊ ဆာကာတို့ရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ဖွင့်ဟပြောပြလာပါတယ်။ ဘရာမောလ်လိန်းကွင်းမှာ ရင်ဆိုင်ကစားရတဲ့ အခုပွဲစဉ်ကို မာတင်နယ်လီနဲ့ ဆာကာတို့ ပွဲထွက်ကစားလာခဲ့ပြီး အသင်းရဲ့သွင်းဂိုးနှစ်ဂိုးအတွက် ဂိုးပါဝင်ပတ်သက်မှုတွေ စွမ်းဆောင်ပေးခဲ့ပါတယ်။
ပထမပိုင်းပွဲချိန်အပြီးမှာပဲ ဆာကာကို ဗီအဲရာနဲ့ လူစားလဲလှယ်ခဲ့သလို ဒုတိယပိုင်း ပွဲချိန်အတွင်း ခြေထောက်ဒဏ်ရာ ရရှိသွားတဲ့ မာတင်နယ်လီရဲ့နေရာမှာ ဂျီးဆပ်စ်က ဝင်ရောက်ကစားလာခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ အာတီတာက ဒီကစားသမားနှစ်ဦးရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို ဖွင့်ဟပြောဆိုလာပါတယ်။
Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် အာတီတာက “ဆာကာမှာ အဖျားရောဂါ အနည်းငယ်ရှိနေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပွဲကစားချိန်လိုအပ်နေတဲ့ ဗီအဲရာကို လူစားလဲထည့်သွင်းကစားစေခဲ့ပါတယ်။ မာတင်နယ်လီနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ ပြဿနာအနည်းငယ်ရှိလာခဲ့ပါပြီ။ သူ့ရဲ့ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရရှိသွားတာဖြစ်လို့ ဘယ်လိုအခြေအနေတွေရှိသလဲဆိုတာ စောင့်ကြည့်သွားဖို့ လိုအပ်နေပါတယ်”လို့ ပြောပါတယ်။
ဂန်းနားတွေအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စတစ်ခုကတော့ ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူနေရတဲ့ ကွင်းလယ်လူပါတေး အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း လူစားဝင်ကစားပေးခဲ့မှုပဲ ဖြစ်ပါတယ်။
အာတီတာက “ဒီနေ့မှာတော့ ပါတေးက မိနစ်အနည်းငယ်လောက် ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါက လေးလအကြာမှာ ပထမဆုံးပြန်ကစားနိုင်တဲ့ပွဲချိန်မိနစ်တွေပဲ ဖြစ်ပါတယ်။ ဒါပြီးသွားရင်တော့ ဘယ်ကစားသမားမဆို ပွဲကစားချိန်မိနစ်တွေ ပိုရလာဖို့ လိုအပ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ အခုပွဲစဉ်မှာ ကစားခဲ့တဲ့ ကစားသမားတွေအတွက် အလွန်ပျော်ရွှင်မိသလို ပါတေး၊ ဗီအဲရာတို့လို ကာလရှည်အနားယူခဲ့ရတဲ့ကစားသမားတွေလည်း ပြန်လည်ပါဝင်ကစားပေးနိုင်လို့ ကျေနပ်ပျော်ရွှင်ရပါတယ်။ ပြီးရင်တော့ ဒီအရှိန်အဟုန်ကို ဆက်ထိန်းသွားရပါမယ်။ အခုအချိန်မှာတော့ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို အာရုံစိုက်ရပါမယ်။ ဒီနေ့မှာ အောင်ပွဲခံနိုင်မှာဖြစ်ပေမယ့် မနက်ဖြန်မှစပြီး ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်အတွက်ပဲ အာရုံစိုက်သွားရပါလိမ့်မယ်”လို့ ဆက်ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်ကာ အာဆင်နယ်က ပရီးမီးယားလိဂ်ပွဲစဉ်ခုနစ်ပွဲဆက်ကို စုစုပေါင်း ၃၁ ဂိုးအထိ သွင်းယူကာ အနိုင်ကစားခဲ့ပေမယ့် အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးနဲ့ နှစ်မှတ်အကွာ၊ ဒုတိယနေရာရှိ မန်စီးတီးနဲ့ တစ်မှတ်အကွာ အမှတ်ပေးဇယားအဆင့်-၃ နေရာမှာသာ ရပ်တည်နေရပါတယ်။
အာတီတာကိုယ်တိုင်လည်း အမ်းမရိတ်စ်ကွင်းမှာ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ ပေါ်တိုနဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေ မတိုင်ခင် မာတင်နယ်လီနဲ့ ဆာကာတို့ အမြန်ဆုံးပြန်လည်သက်သာလာဖို့ မျှော်လင့်နေပါလိမ့်မယ်။