လီဗာပူး vs မန်စီးတီး သရေပွဲစဉ်အပြီး အာဆင်နယ်ကစားသမားတွေကို စိန်ခေါ်မှုတစ်ခုပြုလုပ်ခဲ့တဲ့ အာတီတာ
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ လီဗာပူးနဲ့ မန်စီးတီးတို့ တစ်ပွဲတစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်လာတဲ့ လိဂ်ပွဲစဉ်ကို အာတီတာက အံ့အားသင့်ဖွယ်ပွဲစဉ် တစ်ခုလို့ ချီးကျူးခဲ့ပြီး လိဂ်ဦးဆောင်သူ နေရာအတွက် ဒီအသင်းတွေနဲ့ တူညီတဲ့အဆင့်အတန်းမျိုးမှာ ရောက်ရှိနေစေရန် အာဆင်နယ်ကစားသမားတွေဆီ စိန်ခေါ်လိုက်ပါတယ်။
ပက်ဂွါဒီယိုလာနဲ့ ယာဂန်ကလော့ပ်တို့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့အသင်းတွေရဲ့ယှဉ်ပြိုင်ကစားဟန်က ပရီးမီးယားလိဂ်ပရိသတ်တွေ အပြင် ကမ္ဘာတစ်ဝန်းရှိဘောလုံးပရိသတ်တွေကိုပါ အသက်ရှုမှားလောက်အောင် စွဲဆောင်နိုင်ခဲ့ပါတယ်။ အခုလိုစိတ်လှုပ်ရှားဖွယ် သရေရလဒ်ကြောင့် ပြီးခဲ့တဲ့စနေနေ့မှာ ဘရန့်ဖို့ဒ်ကို အနိုင်ယူထားနိုင်တဲ့ အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဦးဆောင်သူနေရာမှာ ဆက်ရှိနေခဲ့ပါတယ်။
နာမည်ကျော်နည်းပြနှစ်ဦးထိပ်တိုက် ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ပတ်သက်လို့ အမြင်ကို မေးမြန်းရာမှာ အာတီတာက “ အမှတ်ပေးဇယားထိပ်မှာ ရှိနေရတာ တကယ်ကောင်းလှပါတယ်။ ဒါက သေချာပါတယ်။ ဒီပွဲစဉ်ကတော့ ကြီးကျယ်ခမ်းနားတဲ့ အသင်းနှစ်ခု ထိပ်တိုက်ရင်ဆိုင်တဲ့ အံ့အားသင့်စရာပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အလှည့်အပြောင်းတွေလည်း အများကြီး မြင်တွေ့ခဲ့ရပါတယ်”လို့ ဖြေဆိုပါတယ်။
အခုမတ်လနိုင်ငံတကာသီတင်းပတ်အပြီး အာဆင်နယ်က အမှတ်ပေး ချန်ပီယံပြေးလမ်းအတွက် အလွန်အရေးပါတဲ့ပွဲစဉ်အဖြစ် အီတီဟတ်ကွင်းမှာ မန်စီးတီးနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပြီး အာတီတာကတော့ ထိပ်တန်း အသင်းတွေရဲ့ရှေ့မှာ ဆက်လက်ရပ်တည်နိုင်ဖို့ ဂန်းနားတွေဟာ သူတို့ရဲ့အဆင့်အတန်းကို မြှင့်တင်သွားနိုင်မယ်လို့ ယုံကြည်မျှော်လင့်နေပါတယ်။
အာတီတာက “အံ့အားသင့်စရာအခြေအနေတစ်ရပ်မှာ ကျွန်တော်တို့ ပါဝင်ပတ်သက်နေတယ်လို့ ထင်ပါတယ်။ လီဗာပူး၊ မန်စီးတီးတို့ရဲ့အဆင့်အတန်းကို ကြည့်လိုက်မယ်ဆိုရင် ဒါကို သိနိုင်ပါတယ်။ ကျွန်တော်တို့တွေလည်း ဒီပြိုင်ပွဲထဲမှာရှိနေပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ ရည်မှန်းချက်တွေ မြင့်တက်လာသလို ကျွန်တော်တို့လည်း ဒီပြိုင်ပွဲထဲမှာ ဆက်ရှိနေချင်တာကြောင့် တစ်ပွဲချင်းစီပဲ ရင်ဆိုင်ကျော်ဖြတ်သွားရပါမယ်”လို့ ပြောပါတယ်။
အာဆင်နယ်ရဲ့လက်ရှိအာရုံစူးစိုက်မှုတွေက အမှတ်ပေးပြိုင်ပွဲမှ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ဦးတည်သွားပြီး ဒီနေ့ညပိုင်း၊ ပေါ်တိုနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ မဖြစ်မနေအနိုင်ရရှိဖို့ လိုအပ်နေပါတယ်။ ပထမအကျော့၊ ပေါ်တူဂီမြေမှာ ပေါ်တိုက အာဆင်နယ်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။
မြောက်လန်ဒန်သားတွေက အခုနှစ်ဆန်းပိုင်းမှစတင်ကာ အကောင်းဆုံးပုံစံဖြင့် နိုင်ပွဲတွေရယူကာ ရှေ့ဆက်နေပေမယ့် အာတီတာကတော့ ကွာတားဖိုင်နယ်တစ်နေရာ သေချာစေဖို့အရေး သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်း ပိုမိုတိုးတက်လာမယ်လို့ ကတိပြုခဲ့ပါတယ်။
အာတီတာက “ပထမအကျော့တုန်းကထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ပိုင်းကို အတိအကျ ချပြသွားရပါလိမ့်မယ်။ ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲပါ။ နှစ်ပွဲပဲကစားရမယ်ဆိုတဲ့ အချက်ကို စိတ်ထဲမှာ တွေးထားပြီး ဒီနေ့ညမှာ အခုအတိုင်း လုပ်ပြသွားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။