
ဒေါ့မွန်ကြယ်ပွင့် ဂျေမီဂစ်တန်စ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ ဒေါ့မွန်တောင်ပံကြယ်ပွင့် ဂျေမီဂစ်တန်စ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်လာပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး ၂ ဘက်အသင်းကိုယ်စားလှယ်တွေဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာ အမေရိကန်မြေမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။
ချဲလ်ဆီးဟာ ယခုလအစောပိုင်းက ဂစ်တန်စ်အတွက် ကမ်းလှမ်းမှု ၂ ကြိမ်ပြုလုပ်ခဲ့ပေမယ့် ဒေါ့မွန်ဘက်က ၂ ကြိမ်စလုံးကိုပယ်ချခဲ့တာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်မယ့် အသင်းရဲ့လူစာရင်းမှာ ကစားသမားကို ထည့်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။
ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ ဒေါ့မွန်ဟာ အသက်-၂၀ အရွယ်ကစားသမားကို ပေါင်သန်း ၅၀ ရမှသာ ရောင်းချမယ်လို့ဆုံးဖြတ်ထားပေမယ့် ဆွေးနွေးညှိနှိုင်းမှုတွေဆက်လက်လုပ်ဆောင်နေဆဲဖြစ်လို့ မကြာမီမှာပဲ သဘောတူညီမှုရရှိဖို့ အလားအလာများနေပါတယ်။ ဂစ်တန်စ်ဟာ ညာသန်ကစားသမားတစ်ဦးဖြစ်ပေမယ့် ဘယ်တောင်ပံနေရာမှာလည်း ခြေစွမ်းပြကစားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၄၈ ပွဲကစားခဲ့ရာမှာ ချန်ပီယံလိဂ်သွင်းဂိုး ၄ ဂိုးအပါအဝင် စုစုပေါင်း ၁၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ ES တူးနစ်အသင်းကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းထားနိုင်ပြီဖြစ်ပါတယ်။ ချဲလ်ဆီးအတွက်ဂိုးတွေကို ယခုနွေရာသီအတွင်း အစ်ဆွစ်ချ်တောင်းမှ ပေါင်သန်း ၃၀ နဲ့ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူးသစ် လီယမ်ဒီလပ်နဲ့အတူ တိုဆင်နဲ့ ဂျော့ဂျ်တို့က သွင်းယူပေးခဲ့ကြပါတယ်။
ပွဲအပြီးမှာ နည်းပြအန်ဇိုမာရက်စ်ကာက "ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက် ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်ပြီဖြစ်လို့ အသင်းအနေနဲ့ ဂုဏ်ယူသင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။