The network connection is lost.

Banner Image

လန်နီယိုရိုရဲ့ဒဏ်ရာအခြေအနေကို အသိပေးလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က တနင်္ဂနွေနေ့ညက ဝက်စ်ဟမ်းကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိပြီး လူစားလဲခံခဲ့ရတဲ့ နောက်ခံလူ လန်နီယိုရိုရဲ့ အခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။ 
ပြီးခဲ့တဲ့နွေရာသီက ပြင်သစ်ကလပ် လိုင်လီမှ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လာခဲ့တဲ့ ဗဟိုခံစစ်မှူး ယိုရိုဟာ ယူနိုက်တက်သို့ရောက်ရှိချိန်ကတည်းက ဒဏ်ရာပြဿနာနဲ့ စတင်ကြုံတွေ့ခဲ့ရပြီး ရာသီကြိုမှာကတည်းက အနားယူခဲ့ရတာဖြစ်ပါတယ်။ 

အဆိုပါခြေဖဝါးဒဏ်ရာမှ ပြန်လာပြီးနောက်မှာလည်း ကစားသမားဟာ ဒဏ်ရာပြဿနာမကြာခဏဆိုသလို ဆက်လက်ကြုံတွေ့ခဲ့ရပြီး ပြီးခဲ့တဲ့ မတ်လကလည်း ၁ လခန့်အနားယူခဲ့ရတယ်။ သို့သော်လည်း ပြင်သစ်သားဟာ နည်းပြရူဘင်အာမိုရင်ရဲ့ နောက်တန်း ၃ ယောက်ခံစစ်တွဲအတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ သူ့အပေါ်မှာ မျှော်လင့်ချက် ကြီးကြီးမားမားထားနေကြတာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ယိုရိုရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အာမိုရင်က "အရမ်းကြီးမပြင်းထန်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်အများကြီးမပြောချင်ပေမယ့် ကြီးမားတဲ့ဒဏ်ရာတော့မဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ လာမယ့် မေလ ၂၁ ရက်နေ့မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အခုလို အာမိုရင်ရဲ့ အပြုသဘောဆောင်တဲ့ ပြောစကားအရ ယိုရိုအနေနဲ့ အဆိုပါပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ရှိနေပါတယ်။ 

ဥရောပဆုဖလားအတွက် အဓိကအာရုံစိုက်နေတဲ့ အာမိုရင်ဟာ မကြာသေးမီရက်သတ္တပတ်အချို့မှာ အသင်းရဲ့အဓိက ကစာသမားတွေကို မကြာခဏဆိုသလို အနားပေးနေပြီး လူငယ်ကစားသမားတွေကို ပွဲထွက်အသုံးပြုနေခဲ့ပါတယ်။ ယမန်နေ့ညက ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာလည်း အာမိုရင်ဟာ မက်ဂွါရီကို လင်ဒီလော့ဖ်နဲ့အတူ အရန်ခုံထိုင်ခိုင်းခဲ့ပြီး လုခ်ရှော၊ မာဇရာဝီနဲ့ ယိုရိုတို့ကို ပွဲထုတ်အသုံးပြုခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်ပွဲစဉ်က နောက်ထပ် ၂ ပွဲသာကစားဖို့ကျန်ရှိတော့ပြီး လက်ရှိအခြေအနေအရ ယူနိုက်တက်ဟာ အဆိုပါ ၂ ပွဲစလုံးအနိုင်ရခဲ့ရင်တောင် အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာသို့သာ အမြင့်ဆုံးရောက်ရှိနိုင်တော့မှာဖြစ်ပါတယ်။ လာမယ့် စနေနေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်သွားရပါမယ်။