ပါတေး ပြန်ပါလာနိုင်မှုနဲ့အတူ ရှက်ဖီးလ်နဲ့ပွဲစဉ်မှာ အားအကောင်းဆုံး ကွင်းလယ်ပိုင်းကို တည်ဆောက်နိုင်လိမ့်မယ်လို့ အာတီတာ အခိုင်အမာဆို
အာဆင်နယ်နည်းပြ အာတီတာက သူ့ရဲ့အသင်းဟာ လာမယ့် ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ သောမတ်စ်ပါတေး ပြန်လည်ပါဝင်လာနိုင်မှုနဲ့အတူ ဒီရာသီအတွက် အားအကောင်းဆုံး ကွင်းလယ်ပိုင်းကို တည်ဆောက်နိုင်လိမ့်မယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိတဲ့ပွဲ အများဆုံးအသင်းက အာဆင်နယ်ဖြစ်ပြီး ၁၀ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် အာတီတာရဲ့အသင်းဟာ လိဂ်ရဲ့ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်ထားနိုင်ပြီး ဒီရာသီမှာ ၂၃ ဂိုးသားခွင့်ပြုထားရတာဖြစ်ပါတယ်။
ယခုအခါမှာ ကာလရှည်ဒဏ်ရာရနေခဲ့တဲ့ သောမတ်စ်ပါတေးကလည်း ပြန်လာနိုင်တော့မှာဖြစ်တာကြောင့် ဒီကလန်ရိုက်စ်နဲ့ ပြန်လည်ပေါင်းစပ်နိုင်တော့မှာ ဖြစ်ပြီး အာဆင်နယ်အနေနဲ့ ပိုမိုကျစ်လျစ်တဲ့ကစားပုံကို ပုံဖော်နိုင်ဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။
ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲစဉ်မတိုင်ခင်မှာ အာတီတာက “ရိုက်စ်နဲ့ပါတေးတို့က ကွင်းလယ်အတွဲအဖက်အဖြစ် ကွန်မြူနတီဒိုင်းပွဲစဉ်တစ်ခုတည်းမှာသာ ကစားခဲ့ကြပါတယ်။ ဒါကြောင့် ပါတေးအနေနဲ့ ဘယ်လောက်အထိ ပွဲစဉ်တွေကို လွဲချော်ထားရလဲဆိုတာ သိသာပါတယ်။ လာမယ့်ပွဲစဉ် ၃ ပွဲမှာတော့ သူ့ရဲ့သက်ရောက်မှုကို ကျွန်တော်တို့ ပြန်မြင်ရဖို့ရှိပါတယ်။ ပါတေးနဲ့ ရိုက်စ်တို့ကို ပြန်လည်ပေါင်းစပ်ပေးနိုင်တော့မှာဖြစ်လို့ အာဆင်နယ်က အားအကောင်းဆုံးကွင်းလယ်အတွဲအဖက်ကို မြင်တွေ့ရတော့မှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ လီဗာပူးနဲ့မန်စီးတီးတို့က နိုင်ပွဲကိုယ်စီ ရရှိထားတာကြောင့် အာဆင်နယ်အနေနဲ့လည်း ယခုပွဲစဉ်မှာ အနိုင် ၃ မှတ်ကို ပုံဖော်ပြီး ချန်ပီယံလမ်းကြောင်းပေါ်မှာ ဆက်လက်ရပ်တည်ထားနိုင်ဖို့လိုအပ်နေပါတယ်။
ဆက်လက်ပြီး အာတီတာက “အသင်းရဲ့ ကစားသမား ၁၁ ယောက်စလုံးက အသင်းရဲ့ရလဒ်တွေနဲ့ ပတ်သက်ပြီး တာဝန်ကိုယ်စီရှိကြပါတယ်။ ပြီးတော့ သူတို့ရဲ့ အသင်းပေါ် ကာကွယ်မှုနဲ့ ချစ်ခင်မှုကလည်း လေးစားစရာပါ။ ကျွန်တော်တို့က သူတို့ရဲ့ ကစားကွက်ထဲကို တစ်ခုခုစမ်းသပ်ပြီး ထည့်ကြည့်ရင်လည်း အားလုံးက အလုပ်ကြိုးကြိုးစားစားနဲ့ ကောင်းမွန်တဲ့ ရလဒ်ကို ပုံဖော်နိုင်ကြပါတယ်။ အသင်းရဲ့ ကစားသမားတွေအားလုံးက ချိတ်ဆက်မှုရှိနေရပါမယ်။ လက်ရှိခြေစွမ်းကိုလည်း ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားသွားရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒဏ်ရာပြဿနာတွေနဲ့ ကာလရှည်ကြုံတွေ့ပြီးနောက် ယခုအခါမှာတော့ အာဆင်နယ်ဟာ ကစားသမားတော်တော်များများကို ပြန်လည်ထည့်သွင်းနိုင်တော့မှာဖြစ်ပါတယ်။ အသင်းရဲ့ နောက်ခံလူတွေဖြစ်ကြတဲ့ ဇင်ချန်ကိုနဲ့ တိုမီယာစုတို့က ကြံ့ခိုင်မှုပြန်လည် တည်ဆောက်နေကြပြီဖြစ်ပြီး ဂျူရီယန်တင်ဘားကလည်း ပထမအသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။