The network connection is lost.

Banner Image

အန်ဖီးလ်ကွင်းမှာ ဒဏ်ရာရခဲ့တဲ့ ဝီလျံ ဆာလီဘာနဲ့ ပတ်သက်လို့ပြောကြားလိုက်တဲ့ နည်းပြ အာတီတာ

လီဗာပူးတိုက်စစ်မှူး ဟူဂို အီကီတီကီနဲ့ ထိခိုက်မိပြီးနောက် အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲအစပိုင်း မိနစ်အနည်းငယ်မှာပဲ အာဆင်နယ်နောက်ခံလူ ဝီလျံ ဆာလီဘာကို လူစားလဲခဲ့ရပါတယ်။ ဖြစ်ပျက်ပုံက ပြင်သစ်သား ဆာလီဘာကတော့ အလွန်နာကျင်နေခဲ့ပြီး အာဆင်နယ်အသင်းဟာ သူ့နေရာမှာ နွေရာသီအပြောင်းအရွှေ့က ခေါ်ယူထားတဲ့ ခရစ္စသီယန် မော့စ်ကွေရာကို ချက်ချင်း အစားထိုးခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် မော့စ်ကွေရာဟာ လိဒ်ယူနိုက်တက်နဲ့ ပွဲစဉ်တုန်းက ပရီးမီးယားလိဂ်ပွဲဦးထွက် ကစားသမားဘဝကို စတင်ခဲ့သူပါ။ အခုတော့ အန်ဖီးလ်ကွင်းမှာ လီဗာပူး တိုက်စစ်မှူးတွေနဲ့ မိနစ် ၉၀ နီးပါး ရင်ဆိုင်ခဲ့ရပြီး သူ့တာဝန်ကို အံ့ဩလောက်ဖွယ် ကောင်းအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေ လိုချင်တဲ့ အခြေအနေမျိုးမှာ နည်းပြ အာတီတာ ပေါ်မလာခဲ့ဘဲ ဆာလီဘာအတွက် စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။ အာတီတာက ဆာလီဘာဟာ ပွဲမစခင် လေ့ကျင့်ခန်းဆင်းနေတုန်းမှာပဲ ခြေကျင်းဝတ် လိမ်သွားခဲ့တာဖြစ်ပြီး ဘယ်လောက်အထိ ပြင်းထန်နိုင်လဲဆိုတာကိုလည်း စိုးရိမ်နေပါတယ်။

‘ကျွန်တော် စိုးရိမ်မိပါတယ်။ ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ ပွဲမျိုးမှာ သူ မကစားနိုင်ဘူးဆိုရင် တစ်ခုခုတော့ မှားယွင်းနေတယ်ဆိုတာ ထင်ရှားနေတာပဲလေ’ လို့ အာတီတာက ပြောပါတယ်။

အာဆင်နယ်အသင်းရဲ့ လက်ရှိဒဏ်ရာပြဿနာတွေနဲ့ ပတ်သက်ပြီး Sky Sports ကို အာတီတာက ‘ကျွန်တော်တို့ မာတင် အိုဒီဂတ် ကို ဆုံးရှုံးခဲ့ရသလို၊ ကိုင် ဟာဗက်ဇ် နဲ့ ဘူကာယို ဆာကာ တို့ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ပွဲမစခင် လေ့ကျင့်ခန်းမှာလည်း ဆာလီဘာကို ထပ်ပြီးဆုံးရှုံးခဲ့ရပါတယ်’ လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့အတူ ရာသီအစမှာ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဘူကာယို ဆာကာက ပေါင်ခြံဒဏ်ရာကြောင့် နားနေရပြီး၊ ကိုင် ဟာဗက်ဇ်ကလည်း ဒူးဒဏ်ရာကြောင့် အနားယူရဖွယ်ရှိနေပါတယ်။

ခရစ္စတီယန် နော်ဂတ်ဟာ နွေရာသီတုန်းက ဘရန့်ဖို့ဒ်ကနေ ရောက်ရှိလာခဲ့ပေမယ့် ဒဏ်ရာအသေးစားကြောင့် ပွဲဦးထွက်ပွဲကို မကစားရသေးသလို၊ ဘန် ဝှိုက်ကလည်း အန်ဖီးလ်ကို ခရီးစဉ်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ တနင်္ဂနွေနေ့ပွဲစဉ်ကတော့ အိမ်ရှင်အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ အာတီတာအတွက် စိတ်ပျက်စရာ ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

အသင်းနှစ်သင်းကြား ခြေစွမ်းက အရမ်းနီးစပ်ခဲ့ပေမယ့် ဒိုမီနစ် ဆိုဘို့စ်လိုင်းရဲ့ တစ်ရာသီလုံးမှာ တွေ့ရမယ့် အကောင်းဆုံးဂိုးတွေထဲက တစ်ဂိုးနဲ့ အနိုင်အရှုံး ဆုံးဖြတ်သွားခဲ့တာပါ။ ဟန်ဂေရီသား ဆိုဘို့စ်လိုင်းက ညာနောက်ခံလူနေရာမှာ ကစားပေးခဲ့ပြီး အဝေးကန်သွင်းခဲ့တဲ့ ဖရီးကစ်ကနေ အပေါ်ထောင့်ကို အံ့မခန်း ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဂိုးကွာဟချက်ကျဉ်းမြောင်းစွာဖြင့် ရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ အာတီတာက Sky Sports သို့ ‘ဒီရလဒ်ကြောင့် ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကစားသမားတွေကို အရမ်းဂုဏ်ယူပါတယ်။ ကစားသမားနှစ်သင်းလုံးဟာ တိုက်ပွဲဝင်ခဲ့ကြပြီး နှစ်သင်းကြားမှာ ဘာမှ ထူးခြားမှု မရှိခဲ့ပါဘူး။ တစ်ဦးချင်း အမှားတစ်ခု ဒါမှမဟုတ် မှော်ဆန်တဲ့ အခိုက်အတန့်တစ်ခုကနေ အဆုံးအဖြတ်ပေးခဲ့တာပါပဲ’

‘ဒီနေရာမှာ မိနစ် ၉၀ လုံး ခြေစွမ်းပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီလိုအရေးကြီးတဲ့ ပွဲတွေကို အနိုင်ရအောင် နည်းလမ်းရှာရပါမယ်’ ‘အခွင့်အရေးရရင် ဘောလုံးကို ဂိုးပေါက်ထဲ ရောက်အောင် သွင်းယူရပါမယ်။ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်ကထက် အများကြီး ပိုကောင်းပါတယ်။ ပွဲနိုင်ချင်တယ်ဆိုရင် ဘောလုံးကို ဂိုးပေါက်ထဲ ရောက်အောင် သွင်းယူရပါမယ်’ လို့ ပြောပါတယ်။

အနိုင်ဂိုးသွင်းခဲ့တဲ့ ဆိုဘိုလိုင်းကတော့ ‘ကံကောင်းထောက်မစွာပဲ ကျွန်တော်တို့ ဖရီးကစ်တွေ လေ့ကျင့်နိုင်ခဲ့ပါတယ်။ အဲဒီကန်ချက်က နည်းနည်းဝေးတယ်လို့ ခံစားခဲ့ရပါတယ်။ဒါပေမဲ့ ကျွန်တော် စွန့်စားပြီး ကန်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်တော် ဖရီးကစ်ကနေ သွင်းဂိုးရခဲ့ပါပြီ’

‘ခင်ဗျားက အမြဲတမ်းလေ့ကျင့်နေမယ်ဆိုရင် အခွင့်အရေးရလာမှာပါ။ အရင်က ဖရီးကစ်တွေ ကန်ခဲ့တဲ့ ထရန့်ကိုလည်း ကျွန်တော် ကျေးဇူးတင်ရမှာပါပဲ။ နောက်ဆုံးတော့ ကျွန်တော့်အခွင့်အရေးကို ရရှိခဲ့ပြီး လုပ်ဆောင်နိုင်ခဲ့ပါပြီ’လို့ ပြောကြားခဲ့ပါတယ်။