The network connection is lost.

Banner Image

ဆာလီဘာကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်လာတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်ကစိတ်ဝင်စားနေတဲ့ အသင်းရဲ့အဓိကဗဟိုခံစစ်မှူး ဝီလီယမ်ဆာလီယာကို စာချုပ်သစ်ချုပ်ဆိုပြီး သက်တမ်းတိုးဖို့အတွက် ဆွေးနွေးမှုတွေစတင်ပြုလုပ်လာတယ်လို့သိရပါတယ်။ 

ဆာလီဘာဟာ အာဆင်နယ်နဲ့စာချုပ်သက်တမ်း ၂ နှစ်သာကျန်ရှိတော့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ပြင်သစ်လက်ရွေးစင်ကိုခေါ်ယူဖို့ အတော်လေးစိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ စပိန်သတင်းစာတွေအရ ဇာဘီအလွန်ဆိုရဲ့အသင်းဟာ ဆာလီဘာကို အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်နေပြီး တတ်နိုင်သလောက် အမြန်ဆုံး ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။

လက်ရှိအချိန်အထိတော့ အာဆင်နယ်နဲ့ ဆာလီဘာတို့အကြား စာချုပ်သစ်အတွက်ဆွေးနွေးညှိနှိုင်းမှုတွေက သဘောတူညီမှုမရရှိသေးဘူးဆိုပေမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီအတွင်း ဆုဖလားအောင်မြင်မှုရရှိဖို့ အာရုံစိုက်နေတဲ့ နည်းပြမီခေးလ်အာတီတာအနေနဲ့တော့ ကစားသမားနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အာဆင်နယ်ဟာ အသင်းရဲ့လူစာရင်းမှာ မာတင်ဇူဘီမန်ဒီ၊ ဗစ်တာယော်ကရက်စ်၊ နိုနီမာဒူကီ၊ အီဘရီချီအီဇီ၊ ခရစ်ရှန်မော်စ်ကွီရာ၊ ခရစ်ရှန်နော်ဂတ်နဲ့ ကီပါတို့ကိုထပ်ပေါင်းထည့်ပြီး သိသိသာသာအင်အားဖြည့်တင်းထားတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အာဆင်နယ်ဟာ နောက်တန်းပိုင်းအတွက် ပီရိုဟင်ကာပီကိုလည်း အငှားစာချုပ်နဲ့ခေါ်ယူထားပါသေးတယ်။

ဆာလီဘာဟာ လီဂူးဝမ်းကလပ် စိန့်အက်တီယန်မှ အာဆင်နယ်သို့ ၂၀၁၉ ခုနှစ်မှာ စတင်ပြောင်းရွှေ့လာခဲ့ပြီး ခြေစွမ်းပိုင်း တိုးတက်မှုတွေကြောင့် လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူစာရင်းမှာ ပါဝင်နေပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၃၇ ပွဲကစားပြီး ၇ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ 

လာမယ့်စနေနေ့မှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဆာလီဘာကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အဆိုပါပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။