
မန်စီးတီးသို့ပြောင်းရွှေ့ဖို့ အပြီးသတ်လုပ်ဆောင်နေပြီဖြစ်ကြောင်း အသိပေးလာတဲ့ ချာကီ
သောကြာနေ့နံနက်က စပိန်ကို ၅-၄ နဲ့အရေးနိမ့်ခဲ့တဲ့ နေရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် လူစားလဲဝင်ရောက်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ လိုင်ယွန်ကြယ်ပွင့် ရာယန်ချာကီက သူဟာ မန်ချက်စတာစီးတီးသို့ပြောင်းရွှေ့ဖို့ အပြီးသတ်လုပ်ဆောင်နေပြီဖြစ်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
ကွင်းလယ်လူဟာ မကြာသေးမီကပဲ မန်စီးတီးသို့ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ သဘောတူညီထားခဲ့တာဖြစ်ပါတယ်။ စပိန်နဲ့ပွဲစဉ်မှာလည်း အသက်-၂၁ နှစ်အရွယ်ကစားသမားဟာ လူစားဝင်ကစားသမားအဖြစ်သာပါဝင်ခွင့်ရခဲ့ပေမယ့် လှလှပပ ဂိုးသွင်းယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ချာကီက "အပြောင်းအရွှေ့ကို အပြီးသတ်နေပါပြီ။ လူတိုင်းက ဘာတွေဖြစ်လာမယ်ဆိုတာ ကြိုတင်သိနေကြမှာပါ။ လောလောဆယ်မှာတော့ နိုင်ငံအသင်းအတွက်ကစားဖို့ ပွဲစဉ်တွေကျန်ပါသေးတယ်။ အကောင်းဆုံးပေးဆပ်ကစားသွားမှာဖြစ်ပြီး ကျန်တာကိုတော့ နောက်ပိုင်းမှဆက်လုပ်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ချာကီဟာ လိုင်ယွန်နဲ့ ၂၀၂၆ ခုနှစ်အထိသာ စာချုပ်သက်တမ်းကျန်ရှိတော့တာဖြစ်ပြီး မန်စီးတီးအနေနဲ့ ကစားသမားကိုခေါ်ယူလိုပါက စာချုပ်ဖျက်သိမ်းကြေးပေါင် ၂၅ သန်းပေးချေသွားရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီအတွင်းကစားသမားဟာ သွင်းဂိုး ၁၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိပြုလုပ်ထားနိုင်တာကြောင့် ပက်ဂွါဒီယိုလာအတွက် အားထားရတဲ့ကစားသမားဖြစ်လာဖို့ရှိပါတယ်။
ချာကီဟာ ကွင်းလယ်ခံစစ်မှာသာမက ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမားတစ်ယောက်အဖြစ်လည်း ကစားနိုင်တယ်လို့သိရပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ပြင်သစ်ဟာ နေရှင်းလိဂ်တတိယနေရာလုပွဲအဖြစ် ဂျာမနီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာလည်း ချာကီကို ဆက်လက်မြင်တွေ့သွားရနိုင်ပါတယ်။