ဟော့ဖန်ဟိမ်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အဆိုးဝါးဆုံး ကစားသမားအဖြစ် ဆန်ချိုကို ဂျာမန်မီဒီယာတွေ ကင်ပွန်းတပ်
ပြီးခဲ့တဲ့ ဟော့ဖန်ဟိမ်းကို ၃-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကနေ အငှားလာကစားနေတဲ့ ဆန်ချိုတစ်ယောက် ကွင်းအတွင်းအဆိုးဝါးဆုံး ကစားသမားအဖြစ် ဂျာမန်မီဒီယာတွေရဲ့ကင်ပွန်းတပ်ခြင်းခံခဲ့ရပါတယ်။
ဆန်ချိုဟာ အဆိုပါပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဟော့ဖန်ဟိမ်းက ဘာရီရာသွင်းဂိုးနဲ့ အနိုင် ၃ မှတ်ပြည့်ယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားအတွက် အခုပွဲက ယူနိုက်တက်ကနေ အငှားနဲ့ပြောင်းလာပြီးနောက် ဒေါ့မွန်အသင်းနဲ့ ၇ ပွဲမြောက်ပွဲထွက်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဆန်ချိုတစ်ယောက် ဒေါ့မွန်ကိုပြန်လာလာချင်းတုန်းက စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီး ပုံစံကောင်းပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ ပထမဆုံး ၂ ပွဲမှာ ၂ ဂိုးအထိ ဖန်တီးနိုင်ခဲ့ပေမယ့် အဲ့ကတည်းက ဆန်ချိုဟာ ဂိုးဖန်တီးမှုမရှိတော့သလို အခုချိန်မှာ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဝေဖန်ခံနေရပါတယ်။
ဂျာမန်သတင်းဌာန ဒါဝက်စ်တန်ကတော့ “ဒေါ့မွန်က ဆန်ချိုကိုပြန်ခေါ်ယူနိုင်လိုက်လို့ ဝမ်းသာနေပါတယ်။ ဆန်ချိုအစစ်အမှန်ပြန်လာပါပြီ။ သူက ပရိသတ်တွေကို ဝမ်းသာမှုပြန်ပေးနိုင်ခဲ့ပါတယ်။ ရက်သတ္တပတ်အနည်းငယ်အကြာမှာ ဘာမှဆက်မဖြစ်လာတော့ပါဘူး။ ဟော့ဖန်ဟိမ်းနဲ့ ပွဲမှာဆိုရင် ပရိသတ်တွေက သူဂိုးသွင်းနိုင်ဖို့ မျှော်လင့်နေကြတာပါ။ ဒါပေမယ့် အခုနောက်တစ်ကြိမ် သူတို့ကိုစိတ်ပျက်စေခဲ့ပါပြီ။ ဒေါ့မွန်စတားက ဟော့ဖန်ဟိမ်းနဲ့ပွဲမှာ နောက်ထပ်ဆိုးဝါးတဲ့ စွမ်းဆောင်ရည်ပြသလိုက်ပါတယ်။ ကွင်းထဲမှာ အဆိုးဝါးဆုံးကစားသမားပါ”လို့ ဖော်ပြခဲ့ပါတယ်။
ဆန်ချိုဟာ လူစားမလဲခင် ပွဲကစားချိန် ၇၅ မိနစ်အထိ ပါဝင်ကစားခဲ့ပေမယ့် ဂိုးဖန်တီးမှုကော ဂိုးသွင်းနိုင်ခြင်းပါမရှိခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ယူနိုက်တက်မှာ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့လတုန်းက ဒေါ့မွန်ကိုအငှားနဲ့ပြန်လာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ကတော့ နွေရာသီမှာ ဆန်ချိုကိုရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ဒေါ့မွန်အားကစားဒါရိုက်တာ ကီဟယ်က ဆန်ချိုကို အပြီးသတ်ခေါ်ယူမယ့်အခြေအနေအား ငြင်းဆိုခဲ့ပါတယ်။ ကီဟယ်ကတော့ ဆန်ချိုအခြေအနေဟာ ချဲလ်ဆီးကနေ အငှားလာကစားနေတဲ့ မက်ဆန်ရဲ့အခြေအနေနဲ့ဆင်တူတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကံမကောင်းစွာနဲ့ ကစားသမား ၂ ဦးစလုံးက လက်ရှိမှာ အငှားအနေအထားပါ။ ဆန်ချိုကိုပြန်ခေါ်ယူနိုင်ဖို့ဆိုတာက ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေကို ကျွန်တော်တို့ လက်ခံရမှာပါ”လို့ ကီဟယ်က ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆန်ချိုအခြေအနေကိုစောင့်ကြည့်နေပြီး နွေရာသီမှာ ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ အိုးထရက်ဖို့ဒ်မှာ ၂ နှစ်ကန်ခဲ့ပေမယ့် ဆန်ချိုဟာ ပရီးမီးယားလိဂ်မြေမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။