The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်ကစားသမားဟောင်းရဲ့ ပုံစံကိုအတုယူပြီး ကစားနေတဲ့ အာဆင်နယ် ပစ်မှတ် နီကိုဝီလီယံ

အသက် ၂၂ နှစ်သာရှိသေးတဲ့ ဝီလီယံဟာ အက်သလက်တစ်အတွက် ပွဲပေါင်း ၁၅၀ ကျော် ပွဲထွက်ကစားထားပြီး လက်ရွေးစင်အသင်းအတွက် ၂၄ ကြိမ် ပါဝင်ကစားထားပါတယ်။
သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးလို အသင်းကြီးတွေနဲ့ ဆက်သွယ်ခြင်းကို ခံထားရပြီး ဒီနွေရာသီမှာ ကြီးမားတဲ့ ကမ်းလှမ်းမှုတွေ ရောက်လာဖွယ် ရှိနေပါတယ်။

တိုက်စစ်မှူးတစ်ဦးအနေနဲ့ ရော်နယ်ဒိုနဲ့ နေမာတို့လို ကစားသမားတွေကို ကြည့်ခဲ့တာ အံ့ဩစရာ မဟုတ်ပေမယ့် ဇာဟာက သူ့ရဲ့ အိုင်ဒေါ တစ်ဦးအနေနဲ့ရှိခဲ့တာက အနည်းငယ် မထင်မှတ်ထားစရာ ဖြစ်ပါတယ်။ ဝီလီယံဟာ ခရစ္စတယ်ပဲလေ့စ်ကစားသမားဟောင်း ဇာဟာကို အရမ်းသဘောကျခဲ့သူဖြစ်ပြီး သူ့ရဲ့ ကစားဟန်ကို ပုံစံယူရုံသာမက ဆံပင်ပုံစံပါ အတုယူခဲ့ပါတယ်။

France Football သို့ သူ့ရဲ့ ကစားဟန် ပုံစံယူထားသူတွေနဲ့ ပတ်သက်ပြီး ပြောရာမှာ ဝီလီယံက "နေမာ၊ ရော်နယ်ဒို တို့လိုတိုက်စစ်မှူးမျိုးကို ကျွန်တော် သဘောကျပါတယ်"
"ပြီးတော့ ဇာဟာရဲ့ နာမည်ကို ကျွန်တော် အခုထိ မပြောဖူးသေးပါဘူး။ သူ ခရစ္စတယ်ပဲလေ့စ်မှာ ရှိတုန်းက ကျွန်တော် သူ့ကို အရမ်းသဘောကျခဲ့ပါတယ်။ သူက ကျွန်တော် နှစ်သက်တဲ့ ကစားသမားပါ။ ကျွန်တော်ကိုယ်တိုင်းလည်း သူ့လို ဆံပင်ပုံစံကိုညှပ်ခဲ့ပါတယ်"
"ကျွန်တော်က သူတို့လို ဘောလုံးလိမ်ခေါက်ဖို့ သူတို့လို လှုပ်ရှားဖို့ ကြိုးစားခဲ့တယ်။ သူတို့ လုပ်ခဲ့တာရဲ့ ၅ ရာခိုင်နှုန်းလောက်ကို လုပ်ဖို့ပါ" လို့ ပြောပါတယ်။

ဝီလီယံဟာ ပြီးခဲ့တဲ့ နွေရာသီမှာ စပိန်နဲ့အတူ ယူရို ၂၀၂၄ ဆုဖလားကို ရခဲ့ပြီး အင်္ဂလန်နှင့် ကစားခဲ့တဲ့ဖိုင်နယ်ပွဲမှာ ဂိုးသွင်းကာ စူပါစတားတစ်ဦးအဖြစ် သူ့နေရာကို ခိုင်မာစေခဲ့ပါတယ်။
ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အလွန်ဖြစ်နိုင်ချေရှိပုံပေါ်ခဲ့ပေမယ့် သူဟာ ၂၀၁၃ ခုနှစ်ကတည်းကရှိနေခဲ့တဲ့ အက်သလက်တစ် ဘီဘာအိုမှာပဲ ဆက်နေခဲ့ပါတယ်။
"အသင်းရဲ့ နှလုံးသားထဲမှာရှိတဲ့ ဒီဆက်ဆံရေးက မယုံနိုင်စရာပါ။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် လေးစားကြတာ အံ့သြစရာပါ"

"ဒီလို အငွေ့အသက်မျိုး တခြားဘယ်နေရာမှာမှ ကျွန်တော် မရနိုင်တော့ပါဘူး။ ဒါကြောင့် ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ"
"ကျွန်တော် မှန်တယ်လို့ထင်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်။ ကျွန်တော် ပျော်တယ် အကောင်းဆုံး လုပ်ဖို့ ကြိုးစားနေပါတယ်" လို့ ပြောပါတယ်။

နောက်ရာသီမှာ ဆန်မာမက်စ်မှာ ဆက်ရှိနေမလား ဆိုတာ မသိရသေးပေမယ့် သူ့အပေါ် စိတ်ဝင်စားမှုတွေ အေးမသွားသေးပါဘူး။
အာဆင်နယ်ဟာ ဒီနွေရာသီမှာ အပြောင်းအရွှေ့ ဈေးကွက်မှာ ကြီးကြီးမားမား လှုပ်ရှားဖို့ မျှော်လင့်ထားပြီး တိုက်စစ်မှူးနဲ့ အထောင်တိုက်စစ်မှူး လိုချင်နေကာ ဝီလီယံက သူတို့ရဲ့ ပစ်မှတ်ထဲမှာ အမှန်တကယ် ပါဝင်နေပါတယ်။

စပိန်နိုင်ငံသားတိုက်စစ်မှူးဟာ သူ့ရဲ့ ကစားသမားဘဝမှာ အခုထိ ဂိုးအများကြီး သွင်းထားသူ မဟုတ်ခဲ့ပါဘူး။ တစ်ရာသီမှာ ဂိုး ၁၀ ဂိုးထက် မကျော်ဖူးသေးသလို ဒီရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၆ ဂိုးသာ ရထားပါတယ်။ ဒါပေမယ့် အာဆင်နယ်က ဗဟိုတိုက်စစ်မှူး နောက်ထပ် ရွေးချယ်မှုတစ်ခုနဲ့အတူ ဆာကာနဲ့ မာတင် အိုဒီဂတ်တို့ နောက်ကနေ ပံ့ပိုးပေးရင်း ဝီလီယံနှင့်အတူ ကြောက်စရာကောင်းတဲ့ တိုက်စစ်ကို ဖွဲ့စည်းနိုင်မယ်လို့ ထင်နေပါတယ်။

ဝီလီယံဟာ အက်သလက်တစ်နှင့်အတူ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ဖို့ မျှော်လင့်နေပြီး စပိန်ကလပ်ဟာ ရိုးမားနှင့် ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ ဖိုင်နယ်ကို ဆန်မာမက်စ်မှာ ကျင်းပမှာမို့၊ အက်သလက်တစ် ကြယ်ပွင့်တွေ အနေနဲ့ ဖိုင်နယ်ပွဲကြီးထိ တက်လှမ်းဖို့ အားအင်ခွန်အား ပြည့်နေတာ သေချာပါတယ်။